Thursday, July 5, 2012

လက်သမားဆရာလေး

နွေဦးရဲ့အစ နေ့ရက်တွေ ဆိုပေမယ့် အတော်ပူတာကလား...။
ရေနံချောင်းနွေရဲ့ မေလလယ် ဆိုတာ ငရဲပြည်ကို စိန်ခေါ်တယ်လို့ ပြောလိုက်ရင်
အရမ်းလွန်ကဲသွားမလားပဲ..။
အပူချိန် ၄၁ ဒီကရီ စင်တီဂရိတ်ဆိုတာ နဲနဲနောနောအပူချိန်မဟုတ်ဘူးနော။
မေလ၂၂ရက် ကနေ ၂၆ ရက်ဝန်းကျင်က နေနဲ့ ကျွန်တော်တို့ အရပ်ဒေသနဲ့ အနီးဆုံးထင်ပါ့။
မနက် ၁၁နာရီပဲရှိသေးတာ ရေကလည်းဆာလိုက်သမှ ရေအိုးကို ဖက်ထားချင်ရော..။
အဖွဲ့ခေါင်းဆောင် လက်သမားဆရာကတော့ ပြောထားတာပဲလေ " လူပျင်းရင် ရေသောက်၊ နွားပျင်းရင် သေးပေါက်"တဲ့။
ရေခဏခဏ သောက်နေတာဟာ အချိန်ဖြုန်းနည်း တစ်မျိုးပဲလေ။
အလုပ်က မြန်မြန်ပြီးဖို့ အားသွန်ခွန်စိုက် လုပ်ရတာပဲလေ။
ခုနှစ်တန်းကျောင်းသားတစ်ယောက် နွေကျောင်းအားရက်မှာ အိမ်စားရိတ်ဖူလုံဖို့အတွက် အလုပ်လုပ်ရတာ တယ်မလွယ်ဘူး။
စောစောကပဲ မေ့ပြီးခါးထောက်နေမိတာကို ခေါင်းဆောင်အရီးက ထေ့တာခံလိုက်ရသေးတယ်.."အောင်မာမင်းက
ခါးထောက်နေရအောင် အင်ဂျင်နီယာလားကွ" တဲ့။
အရီးဆိုတာက ဦးလေး လို့ ခေါ်တာပါ... ကျောက်ပန်းတောင်းနဲ့ ရေနံချောင်းဝန်းကျင်မှာ ခေါ်လေ့ခေါ်ထရှိပါသေးတယ်။
တစ်နေ့ ရှစ်ကျပ်ရဖို့ အလုပ်လုပ်ရတာလေ..။ လက်တိုလက်တောင်းအဆင့်ပေါ့.။
လက်သမားအခေါ်ဆိုရင်တော့ အိမ်တိုသမားပေါ့။
စဝင်ဝင်ချင်းအလုပ်သမားကို ရွေဘော်အိမ် အတို ပဲ ထိုးခိုင်းရတယ်လေ။
ရွေဘော်အိမ်အတိုဆိုပေမယ့် မထိုးတတ်ရင်၊ အကျင့်မရှိရင်လက်နာချက်ကတော့
မျက်ရည်တောင်လည်တယ်။ ရက်ပိုင်းအတွင်းမှာပဲ အသားမာတက်လာရင် ကံကောင်းတာပဲ။
အသားမာတက်တာ ကောင်းတယ်လို့ မဆိုပါဘူး..။ ဒါပေမယ့် အသားမာမတက်ပဲ အရေပြားပဲပေါက်ပြဲနေရင်
ပိုနာတယ်ဗျ။ ထမင်းတောင် လက်နဲ့မနှိုက်နိုင်ဘူး။ အထူးသဖြင့် ညာသန်ဆိုရင် ညာဖက်က ပိုပေါက်တယ်။
ဘယ်သန်ဆိုရင် ဘယ်ဘက်က ပေါက်တတ်တာမျိုးပဲလေ။
အဲဒီအချိန်ကစပြီး ထမင်းကို ဇွန်းနဲ့ပဲ စားတတ်တော့တယ်။
ကြီးကျယ်သွားတယ် လို့ ထင်တယ်မဟုတ်လား..ဟဲ..ဟဲ... လက်ဖဝါးမှာ ညောင့်တွေ စူးတာ
အိမ်ရောက်မှ နှုတ်ရတာ။ တခါတလေ အိပ်နေရင်း စမ်းမိမှ သတိရတာ..။မနက်မှ အမေ့ဆီက အပ်ချိတ်ငှားပြီး
ထွင်ရတာပဲ.. ဒါမှမဟုတ် အလုပ်ထဲကျမှ ရွေဘော်သွားပြတ်တာလေးနဲ့ ခွဲထုတ်လိုက်တာပေါ့။မထွင်ရင်လည်
တနုံ့နုံ့နဲ့ ဗျ... ရှိမှန်းမသိရင်လည်းကိစ္စမရှိဘူး။ သိနေတော့ ထွင်ချင်တာပေါ့။
အိမ်တိုထိုးတယ်ဆိုတာကလည်း ဂျီး(ကြေး)ချွတ်ဖို့လောက်ပဲလိုတဲ့ သစ်သားတွေကို ထိုးရတာ။
ပညာသားမပါပေမယ့် လူအင်အားလိုတယ်လေ ကြမ်းခင်းတို့ ဇလီတို့ ဆိုရင် တွယ်ပေတော့။
နှစ်ငါးမူး(၂"x၁/၂") ဇလီကတော့ ရွေဘော်ထိုးရလွယ်တာပေါ့ . အင်သားတွေကိုး။
ထောက်ကြံ့သားတွေ ထိုးရရင် ချွေးဒီးဒီးကျတယ်။ အသားမာလည်းမဟုတ်ဘူး.. မာတာလည်း အတော်မာတာ။
အကုန်းဘက်ထိုးရတုန်းကတော့ ဟုတ်နေတာပဲ ...အခွက်ဘက်ရောက်ရင် သက်ပြင်းချပေတော့။
၆လက်မလောက်ရှည်တဲ့ ရွေဘောအိမ်တို နဲ့ ကြေးပြောင်အောင် မနည်းထိုးရတယ်။
ရွေဘော်အိမ်တိုထိုးတာ ကျွမ်းကျင်လာတော့ အိမ်လတ်အဆင့်ရောက်လာရော..။
သိပ်မပင်ပမ်းတော့ဘူး.. ပညာသားပါလာပြီ။ အလိမ်ဖြည် အဖြောင့်ထိုး အဆင့်ပေါ့။
သစ်သားချောင်းရဲ့ မျက်နှာစာတစ်ဖက်ကို တစ်ပေလာက်ရှိတဲ့ ရွေဘော်အိမ်နဲ့ ညီညာနေအောင်ထိုးရတာ။
နံကပ် အိမ်တွေမှာ တန်းတွေ အတွက် ထိုးရလေ့ရှိတယ်။ ဒါပြီးမှ ကျင်တွယ်ကိုက် အဆင့် ။
ဒေါင်တစ်ဖက်ကို အလိမ်ဖြည် အဖြောင့်ထိုးပြီး ဘေးကပ်လျှက် တစ်ဘက်ကို ၉၀ ဒီကရီ ထောင့်မှန်ကျရအောင်ထိုးရတာ။
ကျည်းခွေ(တံခါးချပ်ထည့်တဲ့ဘောင်) တွေအတွက် ထိုးရတာပေါ့။ ကျည်းခွေရမှ တံခါးချပ်အတွက် ဘောင်တွေ မှန်ဆန်တွေ ထိုးရတယ်။
အဲဒီနေရာကျော်လာရင် ဆောက်ထွင်းရပြီ... တံခါးဘောင် တွေကို ၃မူးဆောက်နဲ့ ထွင်းပေတော့။
"ဆောက်တိုခါးကုန်း မယားမုန်း" တဲ့။ လက်သမားတစ်ယောက် ဆောက်ထွင်းရပြီဆိုရင် ညနေဖက် အိမ်ပြန်လို့
ရေချိုးရင် ခါးရေလောင်းရတော့တာပါပဲ။ ညဖက် ကိုက်လွန်းလို့။ ဒါကြောင့်လည်း လက်သမားများ
အသက်ကြီးရင် ခါးကုန်းကြတာပဲ။ အဲဒီအချိန်ရောက်ရင် ဆောက်ကလေးကလည်းတိုသွားပြီ..
ဝင်ငွေကလည်း မရှာနိုင်တော့လို့ မယားကတောင်မုန်းပါသတဲ့။
နေ့လည် ဆယ့်နှစ်နာရီကျော်ရင် နီးရင် ထမင်းစားပြန်ကြပါတယ်။ ဝေးတဲ့လူတွေက ထမင်းချိုင့် ဆွဲလာတာပေါ့။
လက်ဖက်သုပ်လေး၊ ပဲကြော်သုပ်လေးနဲ့ပဲပြီးကြတာပါပဲလေ။ ဘဲဥကို ခရမ်းချဉ်သီးနဲ့ ကြော်ချက်လေးပါရင်
အတော် အဆင်ပြေတဲ့သူပေါ့။ ကြိုက်တတ်ကြတာကတော့ ငါးခြောက်ကို ခရမ်းချဉ်သီးနဲ့ အစပ်ချက်လေးမျိုးပေါ့။
ဘာနဲ့စားစားဝင်ပါတယ် ဗိုက်ကတောင်းဆိုလာရင် ပါးစပ်ကငြင်းမနေနိုင်ပါဘူးလေ။
မနက်ကတည်းက မုန့်ဟင်းခါးတစ်ပွဲပဲ စားထားတာလေ။
မုန့်ဟင်းခါး အသုပ်တစ်ပွဲ တစ်ကျပ်ခွဲ အကြော်ပါရင်နှစ်ကျပ် နေ့ခရဲ့လေးပုံတစ်ပုံရှိတယ်။
မရှက်တတ်ရင် လေးဇွန်းပဲ ကော်လို့ရမယ်... ဒါပေမယ့် ဟန်ဆောင်ပန်ဆောင်ပေါ့..။
ဟင်းရည်လေး သောက်လိုက် မုန့်ကော်စားလိုက် ရေနွေးတစ်ခွက်လောက် ဆွဲလိုက်ပေါ့။
နှစ်ကျပ်နဲ့ တန်အောင်စားနေတာမဟုတ်ပါဘူး.. ကိုယ့်ဗိုက်ကို အယုံသွင်းနေတာ။
ပါးစပ်ကတော့ ရသတဏှာ မပြတ်ချင်ဘူး။ နောက်ထပ် အရည်ဖျော်တစ်ပွဲလောက်တော့ ဆွဲချင်သေး။
အရိုးမရှိတဲ့အကောင်တွေ အလိုမလိုက်ပါနဲ့ ဆိုတာအမှန်သား...။
အလုပ်အချိန်မီအောင် သုတ်ခြေတင်ရမှာဆိုတော့ စားပြီးငွေရှင်းပြေးပေတော့။
အခုနေ့လည် ၁၂နာရီကျော်ဆိုတော့ ဆာပြီပေါ့..။
ရေတစ်ခွက်လောက် သောက်ပြီး ရှိတာချ စားတော့တာပဲလေ။
စားပြီးတရေးလောက်နှပ် ၁၀ မိနစ် ကနေ နာရီဝက်ပေါ့။
အလုပ်က ၁နာရီခွဲလောက် ၂ နာရီလောက်ပြန်စတာပေါ့။
နေအရမ်းပူရင်တော့ ၂နာရီခွဲလောက်မှပြန်စတာပေါ့...အပြန်လည်းနဲနဲနောက်ကျတာပေါ့ ။
လက်သမား တော်မတော်ဟာ သံရိုက်ပုံမှာ သိသာတယ်။
"လက်သမား သံမကောက်" တဲ့လက်သမားကောင်းတစ်ယောက်ဟာ သံကောက်အောင် မရိုက်ရပါဘူး။
ကျွန်တော့်ဆရာသမားတွေက တော့ အားပေးပါတယ်။
"မင်းတို့ကတော့ ခါးပုံစထဲက သံအောက်ကျသွားရင် မကောက်တော့ အကိုက်ပေါ့"တဲ့။
ဒါပေမယ့် အကောက်နည်းတာနဲ့ များတာပဲကွာပါတယ်။ကောက်ကြတာပါပဲ။
အလေအလွင့်နည်းအောင် လုပ်နိုင်မှ အလုပ်အပ်တဲ့သူ သက်သာမှာပေါ့။
"ကောက်အစိတ်၊ ပျောက်အစိတ်" ဆိုတာလည်းရှိသေးတယ်။
သံဝယ်ထားတာ တစ်ပိဿာ ကောက်သွားတာအစိတ်သား၊ကျပျောက်တာအစိတ်သား၊ တကယ်ရိုက်တာ
အစိတ်သား၊ ခါးပုံစထဲမေ့ပါသွားတာ အစိတ်သား၊မေ့ချင်ယောင်ဆောင်တဲ့လူလည်းရှိတာပေါ့လေ။
ခုနက ရွေဘော်အကြောင်းပြန်ဆက်ရရင် အိမ်တိုနဲ့ အိမ်လတ်တော့ ပြောပြီးပြီ။
အိမ်ရှည်ဆိုတာ ရှိသေးတယ်.. အင်မတန်သုံးခဲပါတယ်။
တစ်ပေခွဲလောက်ရှည်တယ်.. တခါးစပ်ဖို့ ဒေါင်အရှည် ဖြောင့်တာလောက်ပဲ သုံးပါတယ် အသုံးအရမ်းနည်းပါတယ်။
ပညာသားအပါဆုံးက တံခါးခွေတာပဲ၊ တံခါးခွေတဲ့သူက စရွေး ကို သုံးသပ်တာမှန်မှ တာရှည်ခံတယ်။
မြန်မြန်ပြီးချင်လို့ စရွေးချောင်ရင် တံခါးက အမြန်ကျတယ်... တံခါးကျတယ်ဆိုတာက တံခါးတပ်ပြီးရင် အနှေးနဲ့
အမြန် တံခါးနှစ်ရွက်ထိတဲ့ရင်စေ့နေရာက အောက်ကျတာပါပဲ စရွေးချောင်ရင် ပိုမြန်တာပေါ့။
ကျွန်တော်တို့အချင်းချင်းတော့ နောက်ကြတာပေါ့"ဒီအကောင် စရွေးစွပ်ရင် ပိုးဟပ်ချောင်ချောင်၊ အိမ်မြောင်ကျပ်ကျပ်ပါကွာ"
စရွေးချောင်လွန်းလို့ ကြားထဲ ပိုးဟပ်တောင်ချောင်ချာင်ချိချိဝင်နိုင်တယ်၊ အိမ်မြောင်ကျမှ ကျပ်တယ်ပေါ့။
စရွေးကအရမ်းကျပ်လွန်းသွားရင်လည်း မကောင်းဘူး တံခါးခွေနေရင်းနဲ့ကို ကွဲထွက်တာလေ။
စရွေးတကယ်ကောင်းရင် စရွေးစွပ်ပြီး ရေထဲချကြည့် ပြန်ဆယ် ပြီးရင် စရွေးပြန်ချွတ်ကြည့် စရွေးအဖိုရေမစိုရဘူးတဲ့။
ဒါကတော့အပြောသက်သက်ပါ တကယ်ဘယ်သူမှ လုပ်မကြည့်ကြပါဘူး။
ကျွန်တော်ကတော့ လက်သမားတစ်ယောက်ရဲ့ လက်ရည်ကို သူဆောက်ခဲ့တဲ့ အိမ်က တံခါးကြည့်လိုက်တာပဲ။
ကျွန်တော် ကျွမ်းကျင်တာကတော့ အတိုင်းအတာပညာပါပဲ။
ရှိသမျှ လက်သမားအားလုံးကို သုံးနှစ်နဲ့ ကျော်တက်လာတာ အတိုင်းအတာ၊အတွက်အချက်နဲ့။
လုပ်သက် ၇နှစ်နဲ့ ခေါင်းဆောင် တက်လုပ်လာတာ.. တော်လွန်းလို့မဟုတ် လည်လွန်းလို့ဖြစ်မယ်။
ရွေဘော်ထိုးတာ တကယ်မတတ်ဘူး၊ တတ်တယ်ဆိုရုံပဲ သံရိုက်တာ ဒုတိယ၊ တတိယတန်းစားပဲ။
ဒါပေမယ့် မြေပြင်ပေါ်မှာ ခွင်ချပြီး အကြမ်းထည် ဆောက်တာတော့ ဆရာသမားတောင် လေးစားသွားတယ်။
စနစ်ကောင်းလွန်းလို့တဲ့၊ ကျွန်တော်က ကျောင်းသားဆိုတော့ ကျောင်းသားအမြင်နဲ့ သွားတာကိုး။
ကျွန်တော့လက်ရာကို ကြည့်ချင်ရင် ရေနံချောင်းကောလိပ်ရွှေယင်းမာ(၂)တို့၊ အထက(၁) တို့မှာရှိပါတယ်။
သစ်အစိုအခြောက် အနုအရင့် အခြေအနေကြောင့်ယိုယွင်းလာရင်တော့ မပြောတတ်ဘူး။
တကယ်သေသပ်ပါတယ်..။ မြန်မာလက်သမားတွေမှာ စံတွေရှိတယ်။
ဥပမာ ထုပ်ကိုးတောင် ၊ခေါင်ကိုးမိုက် တဲ့ ထုပ်ကိုးတောင်အလျားရှိရင် ၊ ခေါင်က ကိုးမိုက်မြင့်ရမယ်ပေါ့။
သွပ်မိုးပုံစံပေါ့၊ ထုပ်ကိုးတောင်ဆိုရင် တစ်ဖက် လေးတောင်ခွဲ(တစ်ဆယ့်သုံးမိုက်ခွဲ)၊အမြင့်က ကိုးမိုက်။
ကျွန်တော်တို့အဖို့က ၂ အချိုး၃ ပဲပေါ့..ရှင်းနေတာပဲလေ။ မြန်မာလက်သမားတွေ ကျင်တွယ်ကိုက်အောင်
လုပ်တဲ့နည်း (ဝက်ခေါင်းထိုးတယ် ပြောကြတာပဲ) အလျား ၆ပေရှိတဲ့ဝါးခြမ်းတစ်ချောင်း၊၈ပေ တစ်ချောင်းကို
ထောင့်မှန်ချ ပြီးရင် ၁၀ပေ တစ်ချောင်းနဲ့ ထိပ်နှစ်ဖက်ချုပ်တယ်။ ၇တန်းကျောင်းသားက ပိုက်သာဂိုးရပ်စ်ရဲ့
၃:၄:၅ ထောင့်မှန်ကျ သီအိုရီကို ပြေးမြင်တယ်။ ဒါပါပဲလေ။
ဒီလိုနဲ့ပဲ ညနေ ၆နာရီခွဲလောက်ဆိုရင် ပြန်မယ် ဖင်တကြွကြွပေါ့ အလိုက်တသိ ပစ္စည်းသိမ်းရတာပေါ့။
လူလည်ကျပြီး စောစောသွားမသိမ်းလိုက်နဲ့ နောက်နေ့ ဒီကောင် ကျွန်တော့်အဖွဲ့ထဲ မခေါ်ချင်ဘူးဆိုရင်
နေရာပျောက်မယ် ။ အထာပေါက်ရမယ် ။ လက်ထဲကအလုပ်ကို လက်စ ဖြတ်နိုင်အောင် အရင်ကြိုးစား
ရတာမျိုး။ အိမ်ပြန်ချိန်ရောက်လို့ အိပ်ကပ်ထဲ လက်နှိုက်ကြည့်လို့ ငွေတစ်ကျပ်လောက် ကျန်ရင် လာထား
ကွမ်းယာ မြေပုံ(ဆေးမွှေး)နဲ့ တမတ်ဖိုး ။မနက်က တစ်မတ်ဖိုး ။အိမ်ပြန်ရောက် ရေတွင်းရှိရာကိုသွား ရေအေးအေးလေးလောင်း။
ဇိမ်ပဲပေါ့ဗျာ..။