ကျွန်တော် ရန်ကုန်မှာ အလုပ်လုပ်နေတုန်းက အင်မတန် ရယ်ရွှင်ဖွယ်ကောင်းတဲ့
လုပ်ဖေါ်ကိုင်ဖက်တွေရှိခဲ့ဖူးတယ် ..။
အဲဒီအထဲက အချို့ကို ထုတ်နှုတ်ဖေါ်ပြသွားပါမယ်။
၂၀၀၁ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ တက္ကနစ်ရှင်
ရာထူးနဲ့ Maintenance ပြင်/ထိန်းဌာနမှာ အလုပ်စဝင်ခဲ့ပါတယ်။
ရောက်စကတော့ ဟိုတယ်က ခန့်ခန့်ညားညားပါပဲ။ ကျွန်တော်ရောက်ပြီး ၃ နှစ်လောက်ရှိတော့
အားလုံး ကပေါက်တိကပေါက်ချာတွေ ဖြစ်ကုန်တာပါပဲ။
ကျွန်တော့်ကြောင့်မဟုတ်ပါ ဖြစ်သင့်တာဖြစ်တယ်လို့ပဲထင်ပါ တယ်...။
ရောက်စက အင်ဂျင်နီယာချုပ်က ထိုင်းလူမျိုး..ခွန်ချလတ်( Chairat)တဲ့..
ကျွန်တော့်အတွက်တော့ ချိုင်းရတ်လို့ အသံထွက်မှာပါ...ဒါပေမယ့်သူကိုယ် တိုင်က
ချလတ်ဆိုတော့လည်း လတ်လိုက်တာပေါ့...။
လူပျော်ကြီးပါပဲ...ကိုယ်နဲ့ တော့ သိပ် ပဏာမစားပါဘူး။
ကိုယ်ကလည်း ခွသမားဆိုတော့ သိပ်ရောရောနှောနှောမနေတတ်တာလည်း ပါမှာပေါ့။
တစ်ခါတစ်လေ စိုင်းထီးဆိုင်သီချင်းကို ဂစ်တာခေါက်ပြီး ဟဲချင်..ဟဲနေတာ။
တစ်ပုဒ်ပဲ ဆိုတာပါ.."ဟိုတုန်းကမတွေ့ခဲ့ရင် ကိုယ်တို့ဇာတ်လမ်းလေးဟာလေ တစ်မျိုးဖြစ်လိမ့်မယ်"
ဆိုတာပဲ မှတ်မိတယ်။ အဲဒီနားပဲ ပီပုံရပါတယ်။မြန်မာစကားကိုတော့ လေ့လာတယ်။
တော်တော်လည်း နားလည်လာတယ်။ နားမလည်ရင် ကောင်မလေးတွေဆီမှာသွားမေးတာပဲ။
ဇလေးကလည်းရှိတာကိုး..။ တိုင်းရင်းသားအမျိုးသမီးတစ်ယော က်ကို ယူထားတယ်ထင်ပါတယ်။
တရားဝင်လည်းဟုတ်ပုံမရပါဘူး... ထားပါတော့လေ..လူတွင်ပါလို့နွား ကျားကိုက်တယ် လို့မှတ်ရမှာပဲ။
သူနဲ့ ပါတ်သက်ပြီး ရယ်စရာလေးတွေမှတ်မိနေတာ ဖေါက်သည်ချရတာပေါ့။
တစ်ရက်ညနေပိုင်း ပြင်ထိန်းခန်း(ထရန်စဖော်မာခန်း) ထဲမှာ တက္ကနစ်ရှင်တွေ စားပွဲပေါ်
မှာ ရေနွေးခွက်လေးတွေတင်သောက် နေကြပါတယ်။ ခွက်ကတော့ ရရာ ဖန်ခွက်ပေါ့။
သူကရုတ်တရက်ဝင်လာတယ်။ မင်းတို့ ဝီစကီသောက်နေတာလားမေးတယ်။
ဖြေတဲ့သူက ရေနွေးသောက်နေတာလို့ မြန်မာလိုဖြေလိုက်တယ်။
သူကြားတာက ယဉ်ထွေးသောက်နေတာလို့ ကြားတယ်။
အဲဒါနဲ့ ကိုယဉ်ထွေးကို ခေါ်ကြိမ်းတာပေါ့။ ကိုယဉ်ထွေးက ရှမ်းဆိုတော့ အဘိုးကြီးက
ယိုးဒယားလို ဟောက်တာပေါ့။ ဟိုကလည်း အရက်မှမသောက်တဲ့သူ။
စိတ်ကလည်းဆတ်တော့ ပြန်ပြောတာပေါ့။ ဘယ်သူပြောလည်းဆိုတော့ ဖြေတဲ့သူကို ညွှန်းလိုက်တော့။
ဖြေတဲ့သူကို စိတ်ဆိုးတကြီးပြောတာပေါ့.. ဖြေတဲ့သူကလည်း သူမပြောပါဘူးငြင်းတာပေါ့။
နောက်မှ သဘောပေါက်ပြီး ရယ်လိုက်ကြတာ..။
မြန်မာစကားက သင်ယူရတာခက်ပါတယ်..ဘန်းစကားများ တာကိုး။
တစ်နေ့ အဘိုးကြီးနဲ့ Welder နဲ့ အကြောင်းအရာတစ်ခုကို ငြင်းနေတာ။
ကြာတော့ Welder က ညစ်လာပြီး...မြန်မာလို "အဘိုးကြီးက ..ဂေါက်နေပြီ"လို့ ပြောလိုက်တာ။
အဘိုးကြီးက မသိမသာလေး လစ်ထွက်လာပြီး၊ Reception မှာသွားမေးတယ်။
အဘိုးကြီးဆိုတာဘာလဲ၊ ဂေါက်တယ်ဆိုတာဘာလဲပေါ့။ ကောင်မလေးတွေက အဘိုးကြီးဆိုတာ Old man၊
ဂေါက်တယ်ဆိုတာ Crazy ဆိုပြီး ရှင်းပြတာပေါ့..။ အဘိုးကြီးချက်ချင်းပြန်လာတယ်။
Welder ကို "You ... I မဂေါက်ဖူး...။ You ဂေါက်တာ..You ဂေါက်တာ" ဆိုပြီး မြန်မာလို
တစ်ဝက်၊ အင်္ဂလိပ်လိုတစ်ဝက် ပြန်ရန်တွေ့သတဲ့.. Welderသမားက
နောက်နေ့မှအားလုံးကို ပြောရင်းရယ်လိုက်တာ။ ဒါပေမယ့် ဘာမှ အာဃာတ မထားရှာဘူး။
မြန်မာစကားမှာ အ၊အာ၊အား-အို့၊အို၊အိုး ဆိုတဲ့ အသံထွက်ကို သူတို့ အသံထွက်ရခက်ပုံရပါတယ်။
တစ်နေ့ Function ပွဲအကြီးတစ်ခုအတွက် ပြင်ဆင်နေချိန်မှာ အင်ဂျင်နီယာဌာနက အသံပိုင်း၊မီးပိုင်း၊အထူးပြုလု ပ်ချက်တွေ
ဆောင်ရွက်ရပါတယ်။ ဧည့်ခံပွဲအတွက် လာပြင်ဆင်တဲ့ ဧည့်သည်ဘက်က ပရိတ်သတ်ကလည်း မနည်းဘူးပေါ့။
တာဝန်ကျအင်ဂျင်နီယာက တက္ကနက်ရှင်ကို ပစ္စည်းတစ်ခုယူခိုင်းလိုက်တယ်။ ယူမယ့်လူက ထွက်သွားမှ ယိုးဒယားကြီးက မလိုတော့ကြောင်း
လှမ်းပြောတယ်။ ဟိုကမကြားတော့ ဆက်သွားတယ်။သူက အသံပိုင်းက မိုက်ကရိုဖုန်းယူပြီး မြန်မာလို ထအော်တယ်။
"မလိုဘူး၊ မလိုဘူး"ပေါ့။ ခက်တာက အသံထွက်မှာ ဝစ္စနှစ်လုံးပေါက်သံက ပါနေတော့ အကုန်ဝိုင်းရယ်ကြတာပေါ့။
ကျွန်တော်အဲဒီမှာအလုပ်လုပ်တုန်း က လျှပ်စစ်ပညာရှင် ဦးထွန်းမြင့်ဆိုတာရှိတယ်။ အသက် ၆၅ နှစ်လောက်ရှိမယ်။
သူက လည်း ရယ်ရွှန်းပတ်ရွှန်း အတော်ပြောတာ။ သူနဲ့ တွဲဖက် ကိုလှရွှေကလည်း လျှပ်စစ်နဲ့ လေအေးစက် အဓိကကိုင်တယ်။
တခြားစက်တွေလည်း ပြင်ပါတယ်။ တစ်နေ့ ဦးထွန်းမြင့်ကပြောတယ်"ဟေ့ကောင် တွေ သတိထားကြည့်နေကွ၊
လှရွှေက စက်ပြင်တာ သာမင်ညောင်ည မဟုတ်ဘူး။ အရောင်၊အဆင်း၊အသံ၊အနံ့၊အရသာနဲ့ ပြည့်စုံတယ်ကွ"တဲ့
အဲတော့ ဘေးကလှော်ပေးရတာပေါ့။ 'ဟာ..ဟုတ်လားဦးလေး၊ ဘယ်လိုပါလိမ့်"ပေါ့။
အဲဒီတော့မှ"မင်းတို့စောင့်ကြည့် နေကွ၊ လှရွှေ စက်တစ်ခုခုပြင်ရင် ဝင်းကနဲ၊လက်ကနဲ မြင်ချင်မြင်ရမယ်။ မီးခိုးလေး
အူတက်လာတာမြင်ရင်မြင်ရမယ်။ ဖုန်း၊ဒိုင်းလို့ အသံကြားရင်ကြားရမယ်။ ညှော်နံ့လေးဖြစ်ဖြစ် နံရတယ်ကွ။ နောက်ဆုံးတော့
သူပြင်ပေးလိုက်တဲ့စက် စမ်းဖို့၊ ပေါင်မုန့်ဖြစ်ဖြစ်၊ ကြက်အူချောင်းဖြစ်ဖြစ်တော့ ရအောင်ယူလာတော့ အရသာပါပြည့်စုံသကွ"တဲ့။
ကိုလှရွှေကတော့ ပြုံးပြုံးပါပဲ"ဟာဗျာဦးလေးကလဲ" ဆိုပြီး ရယ်မောနေတာပေါ့။
နောက်တစ်ယောက်က ဦးတင်ငွေတဲ့ Audio အပိုင်းကို ကိုင်ရတယ်။
အထူးသဖြင့် မင်္ဂလာဟော(Mingalar Hall) မှာ ညဖက် Culture Show အစီအစဉ်ကို အသံပိုင်း၊ မီးပိုင်း ကိုင်ရတာပါ။
သူမလာတဲ့နေ့တွေဆိုရင် ကျွန်တော်တို့ ကြုံသလို သွားကိုင်ပေးရတာပါပဲ။ အဲဒီပွဲက ဇာတ်မင်းသားကြီး ဦးဖိုးစိန်သမီး
ဒေါ်အေမီမြင့်မြင့်စိန် ဦးစီးတာပါ။ ကန်ထရိုက်ထင်တာပဲ။ အဲဒီတုန်းက သီးလေးသီးထဲက ပန်းသီးတောင် ရာမာယဏ
မှာဒဿဂီရိ ဘီလူးအမြဲကလို့ ဘီလူးလို့ အမည်ပြောင်ပေးထားသေးတာ။ ပွဲသိမ်းရင် ဒေါ်အေမီက မန်းတောင်ရိပ်ခိုတော့တာပဲ။
ဒေါ်အေမီမရှိရင် ပန်းသီးက ဆိုရတယ်။ ဝင်းဦးအသံကို ဟန်လုပ်ဆိုလွန်းတော့ နားထောင်ရခက်တယ်။
ထားပါတော့ ဦးတင်ငွေက အသက် ၅၅ လောက်ရှိမယ်ထင်တယ်။ စကားပြောရင် အနည်းငယ် မြင့်မြင့်လေးပြောတတ်တယ်။
လေတပ်က ထွက်လာတယ်လို့ပြောတာပဲလေ။ ဟိုတယ်မှာက တစ်နေ့ကို ထမင်းတစ်နှပ်ကျွေးပါတယ်။
ဂျူတီက ရှည်ရင် နှစ်နပ်ပေါ့။ ထမင်းဟင်းကတော့ အတော်ညံ့ပါတယ်။ တီလာပီးယားငါးကြော်လက်တစ်ဝါးကော င်လောက်ကို
နှစ်ပိုင်း ပိုင်းပြီး တစ်ယောက်တစ်ပိုင်း၊ပဲဝါလေးဟင်းချိုနဲ့ ကျွေးတာမျိုးပေါ့။ ဟိုတယ်ကလည်း စီးပွါးမကောင်း၊ စီမံတဲ့သူကလည်း
ဖြစ်ပြီးရောကျွေးတဲ့ပုံပါပဲ။ သူဌေးအာဘော်လို့ထင်ပါတယ်။ တွေ့ဖူးသမျှ သူဌေးထဲမှာ အညံ့ဆုံးပါပဲ။ မပြောတော့ပါဘူး။နောက်ကြုံမှဖွတာ ပေါ့။
တခါက ညနေပိုင်း Mess မှာ ထမင်းစားကြတော့ သူကမီးဖိုခန်းထဲကို ဝင်သွားတယ်။
ပြီးတော့ ဆီပုံးကြီး ယူပြီး ထမင်းထဲ လောင်းထည့်တယ်။ ပါးစပ်ကလည်းပြောသေးတယ် "ဦးလေးတို့က ဟင်းမကောင်းရင် အနည်းဆုံး
ဆီလေး ဆမ်းစားရမှကွ"တဲ့ ။ သူက ဟိုတယ်က ဒါရိုက်တာကြီးလူဆိုတော့ ပိုင်တာကိုး...ပြောအားရှိတာပေါ့ ။ အဲဒါနဲ့ ထမင်းကို နယ်ဖတ်စားရင်းနဲ့ သူ့ပါးစပ်က
အမြှုပ်တွေထွက်လာတယ်။ သူလည်းနဲ နဲကြောင်သွားတယ်။" ဘယ်လိုအရသာကြီးလဲကွ" တဲ့။ နောက်မှ သူက "ဟာ ဆပ်ပြာဆီတွေကွာ"တဲ့ ။
ဆီပုံးနဲ့ ပန်းကန်ဆေး ဆပ်ပြာအဆီပုံးကို မှားပြီး တွယ်လာတာလေ။ ကျန်တဲ့လူတွေ ရယ်လိုက်ကြတာ။
(ဆက်ပါအုံးမည်)