Monday, December 17, 2012

အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ၁၆။၁၂။၂၀၁၂ စင်္ကာပူ

Friday, December 14, 2012

ဂဏန်းချစ်သူ

ဟုတ်ကဲ့ ဆရာ.. ဂဏန်းတွေကို ချစ်တတ်တာပါ။
ဘေးတိုက်သွားတဲ့ ကဏန်း မဟုတ်ဘူး ဆရာ..။
ဟုတ်တယ်..ဟုတ်တယ်... အရေအတွက် ဂဏန်းတွေကိုပြောတာဆရာ...။
ဘယ်အချိန်က စလဲဆိုတော့..ကာ... ကျောင်းစနေကတည်းကပဲ..။
သူငယ်တန်းမှာ သင်ရတာက
၁၊၂ ...စာကိုချစ်
၃၊၄...မသိတာမေး
၅၊၆... နှစ်ချင်းပေါက်
၇၊၈...တပည့်သစ်
၉၊၁၀ ... ကြိုးစားမယ်..ဆိုတာလေ..။
ဟုတ်ကဲ့ မှတ်မိပါသေးတယ်ဆရာ။
ရောင်စုံဘောလုံး၊ရောင်စုံဘောလုံး..တစ်လုံးငါးပြား..တစ်လုံးငါးပြား ဆိုတာအရမ်းသဘောကျတာ ဆရာရဲ့..။
၁ တန်းရောက်တော့ အပေါင်းအနှုတ် စသင်တယ်ဆရာ..ဟုတ်ကဲ့..။
ကျွန်တော်တို့ကျောင်းက တစ်တန်း ဆရာမက မနှုတ်လောက် ၁၀ ချေး မသင်ဘူး ခင်ဗျ..။
ကိုးမနှုတ်လောက် တစ်လာတဲ့..ရှစ်မနှုတ်လောက် နှစ်လာတဲ့..။
အော်လွယ်ပါတယ် ဆရာရဲ့.. ဆိုပါစို့.. ၂၄ ထဲက ၆ နှုတ်မယ်ဆိုပါတော့..
လေးထဲက ခြောက် မနှုတ်လောက် ၁၀ချေး ဆယ့်လေး..ဆယ့်လေးထဲက ခြောက်နှုတ်..ရှစ်ကျန် အဲလို က ပုံမှန်မလား....။
သူသင်တာက လေးထဲက ခြောက်မနှုတ်လောက် လေးလာ..လေးက ခြောက်အတွက် ဆယ်ဖြည့်ကိန်းကိုး..
လေးအပေါင်းလေး...ရှစ်တဲ့..ပြီးတော့ ရှေ့တစ်တိုး.. ဆိုတော့ နှစ်အောက်မှာ တစ်ရောက်သွားမယ်..
နှုတ်လိုက်တော့ တစ်...ဆိုတော့ တစ်ဆယ့်ရှစ်ပေါ့..မဟုတ်ဘူးလား..။နှစ်တန်းရောက်တော့ အလီတွေ ကျက်ရတယ်...
ကျွန်တော်က မကျက်ချင်ဘူး..ပျင်းတယ်... အခန်းထဲမှာစာမေးရင် ခပ်တည်တည်နဲ့ ပေါင်းနေလိုက်တာပဲ..
ပေါင်းတာက ဆပြန်တိုးပေါင်းတော့ ဆရာမ က မရိတ်မိဘူး..။
အလီက ထပ်ခါ ထပ်ခါ ပေါင်းနေတာပဲလေ.. အပေါင်းရဲ့ အင်တီ ဂရေးရှင်းပေါ့ဆရာ..
အစားက အနှုတ်ရဲ့ ဒစ်ဖရန်ရှီရေးရှင်း ဆိုပေမယ့် အမြှောက်လောက်မလွယ်ဘူးဆရာ..။
လေးတန်းလောက်ရောက်တော့ တွက်တာချက်တာ အတော်မြန်နေပြီသင်္ချာ အမှတ် ၉၀ အောက်ဘယ်တော့မှ မရောက်ဘူး..
၅တန်းရောက်တော့ သင်္ချာဆရာမက နဲနဲ ကြပ်တယ်လွယ်တာကို ခက်အောင် သင်သလိုမျိုးပဲ..သေချာတာက သူ့စေတနာပါ..။မှတ်မိနေအောင် လုပ်ထားတာ.... ကိုယ်က ဂလန့်ကောင်ဆိုတော့ မမှတ်မိဘူး..
ခြောက်တန်းရောက်မှ အရိုက်ခံရတယ်...ဆရာမက တိကျဝင်ပိုင်းမေးတာ မသိလို့ကျွန်တော် တစ်ယောက်တည်းမဟုတ်ဘူး.. တစ်တန်းလုံး.. ခုံပေါ်အလျှားထိုး မှောက်ပေးရတာ ကျောင်းသူတွေ ရော၊ ကျောင်းသားတွေ ရော အရိုက်ခံရတာ..
ရှက်တာပေါ့ ဆရာရယ်..။တိကျဝင်ပိုင်းဆိုတာ တကယ်တော့ လွယ်လွယ်လေးဆရာ...
ပိုင်းဝေ numerator ကတစ်ဖြစ်ရင်တိကျဝင်ပိုင်းလို့ ခေါ်တာပဲ..။
ပိုင်းခြေ denominator ဘာဖြစ်ဖြစ်..ဇီးရိုးမဖြစ်ရဘူး..ဒဿမကိန်း မဖြစ်ရဘူးတဲ့။
မှတ်ဥာဏ်ကောင်းလို့ မှတ်မိတာ မဟုတ်လောက်ဘူး..။ အထိနာလို့ မှတ်မိတာ..ဆရာ။
ဘယ်သန် လွဲရိုက်တာ ခံရတာ အတော်ပြင်းတာ..။
ခြောက်တန်းဆိုတော့ ကောင်မလေးတွေ ရှက်မှာပေါ့ဆရာရယ်..ကျွန်တော်တောင် ရှက်လို့ အခုထိ မှတ်မိတာ..။
ဆရာမကလား အပျိုကြီးပါ.. ဘောလီဘော စမတ်ရှာလေ..အီနေအောင်ခံရတာပေါ့။
၇တန်းရောက်တော့ ဆရာတွေကို မေးမိတယ် ဘာလို့ သင်္ချာတွေ သင်နေရတာလဲလို့..
အေတွေ ရော ဘီတွေ ရောပါလာပြီလေ.. ဘာတွေ လဲပေါ့ မရှုပ်တာ ရှုပ်အောင်လုပ်နေတယ်ပဲ ထင်ခဲ့တာလေ။
တကယ်ပြောတာဆရာ..ပိုက်သာဂိုးရ အဲ..အဲဒီတုန်းက ပိုက်သာဂိုးရပ်စ် လို့ အသံမထွက်တတ်သေးဘူးဆရာ..။
အဲဒီ ပိုက်သာဂိုးရ က အလုပ်မရှိ အလုပ်ရှာ ထပ်ကိန်းတွေ တွေးတယ်ပေါ့လေ..။
မမြင်တတ်တော့ မသိဘူးပေါ့..ဆရာအချို့မှာလည်းမြင်အောင် ပြောမပြနိုင်ကြဘူးလေ..။
အပြစ်ပြောတာ မဟုတ်ပါဘူးဆရာ.. အရှိတရားကို ပြောတာပါ။
ရှစ်တန်းလောက်ရောက်တော့ သင်္ချာ ပြန်တော်လာတယ်..။
ဘုန်းကြီးလူထွက်တွေ နဲ့ ကလည်း တစ်ဒုက္ခပါဆရာရယ်
နောဧက နော..ဒွေးဧက ဒွေး နဲ့ အတွက်အချက် ဂျောင်းဂျောင်းပြေးတယ်လာလုပ်ချင်သေးတယ်။
ကိုးတစ်လီကိုး...နှစ်တစ်လီ နှစ် ပေါ့... ပါဠိလို သင်ရိုးပေါ့...
ဗုဒ္ဓဘာသာဝင်ပါဆရာ .. ဟုတ်ကဲ့ ဘာသာရေး သက်ဝင်ယုံကြည်ပါတယ်။
ဒါပေမယ့် ကျွန်တော်က အရာရာတိုင်း လက်လွတ်စပယ် မယုံဘူးဆရာ..။
ငယ်ငယ်ကကြားဖူးတယ်လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း တဲ့၄၄၄၆၇၃၃ ဆူရှိသတဲ့..
နောက်ပြီး ရွှေလသာဝါဝါဝင်း ဘုရားရေချိုးဆင်းတဲ့၄၄၆၄၄၄ ဆူ ရေထဲမျောသွားခဲ့သတဲ့..
မဖြစ်နိုင်ဘူးဆရာ လှည်းဝင်ရိုးသံ ဆိုပြီး ၄၄၄၆ ဆူဆိုရင် လက်ခံစရာရှိပါတယ်။
၄၄၆ ဆူ ရေတိုက်စားသွားတယ်ဆိုရင်တောင် အတော်များနေပြီ..။
အခုလက်ရှိ ၂၂၃၀ ဆူဆိုတော့ ကျွန်တော်တို့ မြန်မာတွေ သိပ် ကားကြတယ်ဆရာ...စကားဆိုတော့ စရာနေ ကားလိုက်လာတာပေါ့....ခေတ်သစ် အယူအဆနဲ့ ဝိရောဓိတွေ ရှိနေပါတယ်..
ဥပမာလား..ရှိတာပေါ့... ဘာတဲ့ လက်သစ်တောင်တာ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်တဲ့မြင့်မိုရ်တောင်က
ယူဇနာ ၈၄၀၀၀ ဆိုတော့ ၁၃ မိုင်နှုန်းနဲ့မြှောက်ရင် မိုင်၁သန်းကျော်ကျော်ပဲ မြင့်မှာပေါ့
နောက် ယုဂန် တောင်ဖျားက နေထွက်တယ်ဆိုရင် မိုင် ၅ သိန်းလောက်အမြင့်ကနေထွက်လာမှာပေါ့..
ကျွန်တော်တို့က တောင်ကျွန်းမှာနေတယ်လေ.. ဒါဆိုရင် နေက အတွင်းပါတ်အရ နေက မြောက်ဘက်ယိမ်းမှာပေါ့..
တကယ်က တောင်ဘက်မှာနေရှိတာ..ခင်ဗျာ အပြင်ကပါတ်တာ.. မဖြစ်နိုင်ဘူးဆရာ..
အပြင်ကပါတ်ရင် နေကို ၁၈၀ ဒီကရီ ကျော်အောင် တွေ့ရမှာပေါ့။
အခုအနေအထားရ အပြင်ကရော အတွင်းကရော မပါတ်ဘူးဆရာ.. ဟုတ်ကဲ့..လက်ရှိ သိပ္ပံ အမြင်ကို လက်ခံပါတယ်။
နေနဲ့ ကမ္ဘာ မိုင်ပေါင်း ၉၃ သန်းနီးပါးဝေးပါတယ်ဆရာ.. အလင်းအလျှင် VELOCITY ဗွီ မဟုတ်ဘူးဆရာ။
C အနေနဲ့ သတ်မှတ်ပါတယ်။ ယူနီဗာဆယ် ဖိစစ် ကွန်းစတန့်ပါ ဆရာ..ဆရာသိပါတယ်။
တစ်စက္ကန့်ကို ကီလိုမီတာ ၃သိန်းပြေးပါတယ်ဆရာ..နေကနေ ကမ္ဘာကိုရောက်ဖို့ ရှစ်မိနစ်စက္ကန့်နှစ်ဆယ်ကြာပါတယ်ဆရာ..
ဟုတ်ကဲ့..ဒါကြောင့် နေထွက်လာရင်နေလုံးမြင်ပြီး ရှစ်မိနစ်ကျော် ကြာမှ အလင်းရောက်လာတာပေါ့ဆရာ..။
ကီလိုမီတာ သုံးသိန်းကို အခါ၅၀၀ မြှောက်ရင် ကီလိုမီတာ၁၅၀သန်း ..မိုင် ၉၃ သန်းလောက် ဝေးတာနဲ့ကိုက်တယ်ဆရာ..
ဟုတ်ကဲ့ မတူဘူးဆရာ.. Mathematics က သီအိုရီ ဆန်တဲ့ အက္ခရာ သင်္ချာမျိုးဆရာ..Arithmetic က ဂဏန်းသင်္ချာပဲ...
ကျွန်တော်က ဂဏန်းတွေ ကိုပိုချစ်တာဆရာ..Numerology လိုမျိုး ကို သဘောကျတယ်..
ကျွန်တော်က ၂ တို့ ၄တို့ ၆ တို့ကို သဘောကျတယ်..၂ ကကျွန်တော့် ကိုယ်ပိုင်ဂဏန်းပေါ့...
တနင်္လာသားလေ...ဟုတ်ကဲ့.. မွေးတာက ၁၁ ရက်နေ့ ၂ပဲဆရာ..
လကိုကိုယ်စားပြုတာ ဟုတ်ပါတယ်ဆရာ.. လူနာ့တစ် တော့မဟုတ်ပါဘူး ဆရာ..တိုက်ဆိုင်တာပါ..
မိန်းမ ရဲ့ နာမည်ကိုက လမင်းလို့ အဓိပ္ပါယ်ရပါတယ်ဆရာ..ဟုတ်.. သောကြာသမီးပါ..
၆ ဂဏန်းအကျိုးပေးတယ်ဆရာ.. စာမေးပွဲတွေ မှာ ခုံနံပါတ်ထဲ ၆ ဂဏန်းပါရင် အလွယ်တကူအောင်တယ်ဆရာ..
ဂဏန်းတွေက လူတွေကိုစိုးမိုးတာ ယုံသင့်တာပေါ့ဆရာ..
နာမည်တွေမှာ ဂဏန်းတွေ စိုးမိုးနေတယ်ဆရာ....အင်္ဂလိပ်လိုပဲပေါ့..
ဂျူးတွေရိုးရာပေါ့ ဂဲမာထရစ်ကာ ခေါ်တာပေါ့......
ဒီလိုလေဆရာ..
1 = a, j, s,
2 = b, k, t,
3 = c, l, u,
4 = d, m, v,
5 = e, n, w,
6 = f, o, x,
7 = g, p, y,
8 = h, q, z,
9 = i, r,
အဲဒီအစဉ် အတိုင်းတွက်ရတယ်
ဥပမာ ငါးကြော် ဆိုပါတော့..Ngar Gyaw=5+7+1+9+7+7+1+5=4+2=6 ပေါ့...
လွယ်ချင်ရင် ကိုးတွေ ဖယ်ထုတ်ပြီးပေါင်း မြန်တာပေါ့..၇ သုံးလုံး နဲ့ ၅ ရယ်၁ ရယ်ကို ကိုးသုံးလုံးအဖြစ်ဖယ်ထား..ကိုးကိုလည်းဖယ်လိုက်တော့ ..၁ရယ်၅ ရယ်ပဲကျန်မယ် ပေါင်းတော့ ၆ ပေါ့...
ဂဏန်းအလိုက် ဟောကိန်းတွေ ရှိပါတယ်ဆရာ..
အတိတ် တဘောင်ဆိုတာလည်း လက်ခံရတာပေါ့ .. ဆက်စပ်နေတာကိုး..
ဂငယ်သုံးခု ဥသျှစ်ထုဆိုတာကို ၈ သုံးလုံးထပ်ရင် ဆိုတဲ့သဘောပေါ့ဆရာ..
မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်မှာ ဂငယ်သုံးခု ဥသျှစ်ထု ဆိုတဲ့ တဘောင် ပေါ်ပြီး အင်းဝပြည်ကြီး ပျက်စီးခဲ့ရဖူးတယ်
အဲဒီအယူအဆက ၁၉၈၈ ခုမှာ ၈လေးလုံးဆုံတာနဲ့ ကြုံကြိုက်တော့ တစ်တိုင်းတစ်ပြည်လုံး..ပွက်လောညံနေတာပဲလေ...ဆရာသိတာပဲကိုးလေးလုံးက နဝင်းထပ်တယ်ဆရာ အခိုက်မရှိဘူး..
အခုညဖက် အိပ်မပျော်တာက ၁၂ ဂဏန်းတွေ ကြောင့်ဆရာ..
၁၂ရက် ၁၂လ ၁၂ ခု၁၂ နာရီ ၁၂မိနစ်၁၂ စက္ကန့်သိပ်အရေးကြီးတယ်ဆရာ..
အသံသဘောအရကိုက ဆဲ့နစ်တဲ့ ကျွန်တော် မကြိုက်ဘူးဆရာ..
ပြီးတော့ မာယာ ပြက္ခဒိန်မှာ ၂၁ ရက် ၁၂လ ၂၀၁၂ ခုထိပဲ ရှိတယ်ဆရာ..
ကမ္ဘာ ပျက်တော့မှာ ဆရာရဲ့... ဥက္ကာပျံကြီးတွေကမ္ဘာဆီ ဦးတည်လာနေတယ်တဲ့ ဆရာ..
ဒီ၁၂ ဂဏန်း ကြောက်စရာသိပ်ကောင်းတယ်... ဟုတ်တယ် ဂဏန်းတွေ..
ဂဏန်းတွေက ဖန်ဆင်းတာ..ဆရာဘေးဖယ်..ဘေးဖယ်..
ဟောသည်မှာလာပြီ..ဥက္ကာပျံတွေ...ဂဏန်းတွေ..ဂဏန်းဆရာ..ဆရာ ဂဏန်း..အိုပါးဂဏန်း..
.အို့..အို့..အို့ပါး..ဂဏန်းစတိုင်..အိုးပါး..ဂဏန်းစတိုင်း..အိုး..ဆက်ဆီလေးဟေ့...
ဆက်ဆီလေး...............
ဆက်ဆီ....လေး..
အိုးပါး..ဂဏန်း.............
....... ...................
........။

Thursday, September 27, 2012

ရွာမှာတုန်းက လုပ်ငန်းဖေါ်တွေ


ကျွန်တော် ရန်ကုန်မှာ အလုပ်လုပ်နေတုန်းက အင်မတန် ရယ်ရွှင်ဖွယ်ကောင်းတဲ့
လုပ်ဖေါ်ကိုင်ဖက်တွေရှိခဲ့ဖူးတယ်..။
အဲဒီအထဲက အချို့ကို ထုတ်နှုတ်ဖေါ်ပြသွားပါမယ်။
၂၀၀၁ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ တက္ကနစ်ရှင်
ရာထူးနဲ့ Maintenance ပြင်/ထိန်းဌာနမှာ အလုပ်စဝင်ခဲ့ပါတယ်။
ရောက်စကတော့ ဟိုတယ်က ခန့်ခန့်ညားညားပါပဲ။ ကျွန်တော်ရောက်ပြီး ၃ နှစ်လောက်ရှိတော့
အားလုံး ကပေါက်တိကပေါက်ချာတွေ ဖြစ်ကုန်တာပါပဲ။
ကျွန်တော့်ကြောင့်မဟုတ်ပါ ဖြစ်သင့်တာဖြစ်တယ်လို့ပဲထင်ပါတယ်...။
ရောက်စက အင်ဂျင်နီယာချုပ်က ထိုင်းလူမျိုး..ခွန်ချလတ်(Chairat)တဲ့..
ကျွန်တော့်အတွက်တော့ ချိုင်းရတ်လို့ အသံထွက်မှာပါ...ဒါပေမယ့်သူကိုယ်တိုင်က
ချလတ်ဆိုတော့လည်း လတ်လိုက်တာပေါ့...။
လူပျော်ကြီးပါပဲ...ကိုယ်နဲ့ တော့ သိပ် ပဏာမစားပါဘူး။
ကိုယ်ကလည်း ခွသမားဆိုတော့ သိပ်ရောရောနှောနှောမနေတတ်တာလည်းပါမှာပေါ့။
တစ်ခါတစ်လေ စိုင်းထီးဆိုင်သီချင်းကို ဂစ်တာခေါက်ပြီး ဟဲချင်..ဟဲနေတာ။
တစ်ပုဒ်ပဲ ဆိုတာပါ.."ဟိုတုန်းကမတွေ့ခဲ့ရင် ကိုယ်တို့ဇာတ်လမ်းလေးဟာလေ တစ်မျိုးဖြစ်လိမ့်မယ်"
ဆိုတာပဲ မှတ်မိတယ်။ အဲဒီနားပဲ ပီပုံရပါတယ်။မြန်မာစကားကိုတော့ လေ့လာတယ်။
တော်တော်လည်း နားလည်လာတယ်။ နားမလည်ရင် ကောင်မလေးတွေဆီမှာသွားမေးတာပဲ။
ဇလေးကလည်းရှိတာကိုး..။ တိုင်းရင်းသားအမျိုးသမီးတစ်ယောက်ကို ယူထားတယ်ထင်ပါတယ်။
တရားဝင်လည်းဟုတ်ပုံမရပါဘူး... ထားပါတော့လေ..လူတွင်ပါလို့နွား ကျားကိုက်တယ် လို့မှတ်ရမှာပဲ။
သူနဲ့ ပါတ်သက်ပြီး ရယ်စရာလေးတွေမှတ်မိနေတာ ဖေါက်သည်ချရတာပေါ့။
တစ်ရက်ညနေပိုင်း ပြင်ထိန်းခန်း(ထရန်စဖော်မာခန်း)ထဲမှာ တက္ကနစ်ရှင်တွေ စားပွဲပေါ်
မှာ ရေနွေးခွက်လေးတွေတင်သောက် နေကြပါတယ်။ ခွက်ကတော့ ရရာ ဖန်ခွက်ပေါ့။
သူကရုတ်တရက်ဝင်လာတယ်။ မင်းတို့ ဝီစကီသောက်နေတာလားမေးတယ်။
ဖြေတဲ့သူက ရေနွေးသောက်နေတာလို့ မြန်မာလိုဖြေလိုက်တယ်။
သူကြားတာက ယဉ်ထွေးသောက်နေတာလို့ ကြားတယ်။
အဲဒါနဲ့ ကိုယဉ်ထွေးကို ခေါ်ကြိမ်းတာပေါ့။ ကိုယဉ်ထွေးက ရှမ်းဆိုတော့ အဘိုးကြီးက
ယိုးဒယားလို ဟောက်တာပေါ့။ ဟိုကလည်း အရက်မှမသောက်တဲ့သူ။
စိတ်ကလည်းဆတ်တော့ ပြန်ပြောတာပေါ့။ ဘယ်သူပြောလည်းဆိုတော့ ဖြေတဲ့သူကို ညွှန်းလိုက်တော့။
ဖြေတဲ့သူကို စိတ်ဆိုးတကြီးပြောတာပေါ့.. ဖြေတဲ့သူကလည်း သူမပြောပါဘူးငြင်းတာပေါ့။
နောက်မှ သဘောပေါက်ပြီး ရယ်လိုက်ကြတာ..။
မြန်မာစကားက သင်ယူရတာခက်ပါတယ်..ဘန်းစကားများတာကိုး။
တစ်နေ့ အဘိုးကြီးနဲ့ Welder နဲ့ အကြောင်းအရာတစ်ခုကို ငြင်းနေတာ။
ကြာတော့ Welder က ညစ်လာပြီး...မြန်မာလို "အဘိုးကြီးက ..ဂေါက်နေပြီ"လို့ ပြောလိုက်တာ။
အဘိုးကြီးက မသိမသာလေး လစ်ထွက်လာပြီး၊ Reception မှာသွားမေးတယ်။
အဘိုးကြီးဆိုတာဘာလဲ၊ ဂေါက်တယ်ဆိုတာဘာလဲပေါ့။ ကောင်မလေးတွေက အဘိုးကြီးဆိုတာ Old man၊
ဂေါက်တယ်ဆိုတာ Crazy ဆိုပြီး ရှင်းပြတာပေါ့..။ အဘိုးကြီးချက်ချင်းပြန်လာတယ်။
Welder ကို "You ... I မဂေါက်ဖူး...။ You ဂေါက်တာ..You ဂေါက်တာ" ဆိုပြီး မြန်မာလို
တစ်ဝက်၊ အင်္ဂလိပ်လိုတစ်ဝက် ပြန်ရန်တွေ့သတဲ့.. Welderသမားက
နောက်နေ့မှအားလုံးကို ပြောရင်းရယ်လိုက်တာ။ ဒါပေမယ့် ဘာမှ အာဃာတ မထားရှာဘူး။
မြန်မာစကားမှာ အ၊အာ၊အား-အို့၊အို၊အိုး ဆိုတဲ့ အသံထွက်ကို သူတို့ အသံထွက်ရခက်ပုံရပါတယ်။
တစ်နေ့ Function ပွဲအကြီးတစ်ခုအတွက် ပြင်ဆင်နေချိန်မှာ အင်ဂျင်နီယာဌာနက အသံပိုင်း၊မီးပိုင်း၊အထူးပြုလုပ်ချက်တွေ
ဆောင်ရွက်ရပါတယ်။ ဧည့်ခံပွဲအတွက် လာပြင်ဆင်တဲ့ ဧည့်သည်ဘက်က ပရိတ်သတ်ကလည်း မနည်းဘူးပေါ့။
တာဝန်ကျအင်ဂျင်နီယာက တက္ကနက်ရှင်ကို ပစ္စည်းတစ်ခုယူခိုင်းလိုက်တယ်။ ယူမယ့်လူက ထွက်သွားမှ ယိုးဒယားကြီးက မလိုတော့ကြောင်း
လှမ်းပြောတယ်။ ဟိုကမကြားတော့ ဆက်သွားတယ်။သူက အသံပိုင်းက မိုက်ကရိုဖုန်းယူပြီး မြန်မာလို ထအော်တယ်။
"မလိုဘူး၊ မလိုဘူး"ပေါ့။ ခက်တာက အသံထွက်မှာ ဝစ္စနှစ်လုံးပေါက်သံက ပါနေတော့ အကုန်ဝိုင်းရယ်ကြတာပေါ့။
ကျွန်တော်အဲဒီမှာအလုပ်လုပ်တုန်းက လျှပ်စစ်ပညာရှင် ဦးထွန်းမြင့်ဆိုတာရှိတယ်။ အသက် ၆၅ နှစ်လောက်ရှိမယ်။
သူက လည်း ရယ်ရွှန်းပတ်ရွှန်း အတော်ပြောတာ။ သူနဲ့ တွဲဖက် ကိုလှရွှေကလည်း လျှပ်စစ်နဲ့ လေအေးစက် အဓိကကိုင်တယ်။
တခြားစက်တွေလည်း ပြင်ပါတယ်။ တစ်နေ့ ဦးထွန်းမြင့်ကပြောတယ်"ဟေ့ကောင်တွေ သတိထားကြည့်နေကွ၊
လှရွှေက စက်ပြင်တာ သာမင်ညောင်ည မဟုတ်ဘူး။ အရောင်၊အဆင်း၊အသံ၊အနံ့၊အရသာနဲ့ ပြည့်စုံတယ်ကွ"တဲ့
အဲတော့ ဘေးကလှော်ပေးရတာပေါ့။ 'ဟာ..ဟုတ်လားဦးလေး၊ ဘယ်လိုပါလိမ့်"ပေါ့။
အဲဒီတော့မှ"မင်းတို့စောင့်ကြည့်နေကွ၊ လှရွှေ စက်တစ်ခုခုပြင်ရင် ဝင်းကနဲ၊လက်ကနဲ မြင်ချင်မြင်ရမယ်။ မီးခိုးလေး
အူတက်လာတာမြင်ရင်မြင်ရမယ်။ ဖုန်း၊ဒိုင်းလို့ အသံကြားရင်ကြားရမယ်။ ညှော်နံ့လေးဖြစ်ဖြစ် နံရတယ်ကွ။ နောက်ဆုံးတော့
သူပြင်ပေးလိုက်တဲ့စက် စမ်းဖို့၊ ပေါင်မုန့်ဖြစ်ဖြစ်၊ ကြက်အူချောင်းဖြစ်ဖြစ်တော့ ရအောင်ယူလာတော့ အရသာပါပြည့်စုံသကွ"တဲ့။
ကိုလှရွှေကတော့ ပြုံးပြုံးပါပဲ"ဟာဗျာဦးလေးကလဲ"ဆိုပြီး ရယ်မောနေတာပေါ့။
နောက်တစ်ယောက်က ဦးတင်ငွေတဲ့ Audio အပိုင်းကို ကိုင်ရတယ်။
အထူးသဖြင့် မင်္ဂလာဟော(Mingalar Hall) မှာ ညဖက် Culture Show အစီအစဉ်ကို အသံပိုင်း၊ မီးပိုင်း ကိုင်ရတာပါ။
သူမလာတဲ့နေ့တွေဆိုရင် ကျွန်တော်တို့ ကြုံသလို သွားကိုင်ပေးရတာပါပဲ။ အဲဒီပွဲက ဇာတ်မင်းသားကြီး ဦးဖိုးစိန်သမီ
ဒေါ်အေမီမြင့်မြင့်စိန် ဦးစီးတာပါ။ ကန်ထရိုက်ထင်တာပဲ။ အဲဒီတုန်းက သီးလေးသီးထဲက ပန်းသီးတောင် ရာမာယဏ
မှာဒဿဂီရိ ဘီလူးအမြဲကလို့ ဘီလူးလို့ အမည်ပြောင်ပေးထားသေးတာ။ ပွဲသိမ်းရင် ဒေါ်အေမီက မန်းတောင်ရိပ်ခိုတော့တာပဲ။
ဒေါ်အေမီမရှိရင် ပန်းသီးက ဆိုရတယ်။ ဝင်းဦးအသံကို ဟန်လုပ်ဆိုလွန်းတော့ နားထောင်ရခက်တယ်။
ထားပါတော့ ဦးတင်ငွေက အသက် ၅၅ လောက်ရှိမယ်ထင်တယ်။ စကားပြောရင် အနည်းငယ် မြင့်မြင့်လေးပြောတတ်တယ်။
လေတပ်က ထွက်လာတယ်လို့ပြောတာပဲလေ။ ဟိုတယ်မှာက တစ်နေ့ကို ထမင်းတစ်နှပ်ကျွေးပါတယ်။
ဂျူတီက ရှည်ရင် နှစ်နပ်ပေါ့။ ထမင်းဟင်းကတော့ အတော်ညံ့ပါတယ်။ တီလာပီးယားငါးကြော်လက်တစ်ဝါးကောင်လောက်ကို
နှစ်ပိုင်း ပိုင်းပြီး တစ်ယောက်တစ်ပိုင်း၊ပဲဝါလေးဟင်းချိုနဲ့ ကျွေးတာမျိုးပေါ့။ ဟိုတယ်ကလည်း စီးပွါးမကောင်း၊ စီမံတဲ့သူကလည်း
ဖြစ်ပြီးရောကျွေးတဲ့ပုံပါပဲ။ သူဌေးအာဘော်လို့ထင်ပါတယ်။ တွေ့ဖူးသမျှ သူဌေးထဲမှာ အညံ့ဆုံးပါပဲ။ မပြောတော့ပါဘူး။နောက်ကြုံမှဖွတာပေါ့။
တခါက ညနေပိုင်း Mess မှာ ထမင်းစားကြတော့ သူကမီးဖိုခန်းထဲကို ဝင်သွားတယ်။
ပြီးတော့ ဆီပုံးကြီး ယူပြီး ထမင်းထဲ လောင်းထည့်တယ်။ ပါးစပ်ကလည်းပြောသေးတယ် "ဦးလေးတို့က ဟင်းမကောင်းရင် အနည်းဆုံး
ဆီလေး ဆမ်းစားရမှကွ"တဲ့ ။ သူက ဟိုတယ်က ဒါရိုက်တာကြီးလူဆိုတော့ ပိုင်တာကိုး...ပြောအားရှိတာပေါ့။ အဲဒါနဲ့ ထမင်းကို နယ်ဖတ်စားရင်းနဲ့ သူ့ပါးစပ်က
အမြှုပ်တွေထွက်လာတယ်။ သူလည်းနဲနဲကြောင်သွားတယ်။" ဘယ်လိုအရသာကြီးလဲကွ" တဲ့။ နောက်မှ သူက "ဟာ ဆပ်ပြာဆီတွေကွာ"တဲ့ ။
ဆီပုံးနဲ့ ပန်းကန်ဆေး ဆပ်ပြာအဆီပုံးကို မှားပြီး တွယ်လာတာလေ။ ကျန်တဲ့လူတွေ ရယ်လိုက်ကြတာ။
(ဆက်ပါအုံးမည်)

Thursday, August 2, 2012

သီလစောင့်တဲ့ ငါးကြော်

မသောက်ရရင် သီလစောင့်တယ်...ကိုး..ကျောင်းဒကာ..(အပျိုတော်နတ်ချင်းမှ)

ဆီမီးငယ်တဲ့ ထိန်ထိန်..
အိုင်မင်းရေကြည်က
ကြာငါးမည် ငုံအာစွင့်တယ်..
ဖူးပွင့်ခါချိန်...။
အသဝနီ ယှဉ်ကာချဉ်းပါလို့ ..
လင်းလာတဲ့  ငွေတာရိန်ရယ်..
ပြာမိန်လျှက် မြူခြေဆိုင်း..။
ဂါရဝေ
သက္ကစ္စံ ပဏာမေဖြင့်..
သဒ္ဓါချွေ ကန်တော့ပွဲကိုလ..
မစဲပေါင် ကုသိုလ်ကိုနှိုးကြတယ်...
မျိုးမြန်မာ့တိုင်း....။
(မောင်ထင်၏ မြန်မာဆယ့်နှစ်လ အကြောင်း..မှ)
သိင်္ဃပူရရောက်..အကျွန်ငကျော်...အရိမဒ္ဒနပူရအလွမ်းတို့ ဖြင့်ဤစာလွှာကိုရေးရချေတမုံ့ ..
ရာသီကား..တုလ(တူ)ရာသီတည်း..
နက္ခတ်ကား..ရေဝတီ၊အသဝနီ၊ဘရဏီနက္ခတ်တို့ စန်းယှဉ်သတည်း..
ကာလအခေါ်သီတင်းကျွတ်..
ရှေးအခေါ်သန်တူ(သန္တူ)လတည်း...
သန်ကား ကောက်ပင်အနက်ဟော၏..တူကား..ထူခြင်းထောင်ခြင်းအနက်ဟော၏
ကောင်ပင်များထူသော..ထောင်သော..ထွက်ပေါ်လာသောလဟုဆိုချေတမုံ့ ..
လှေသင်းအတွင်းဝန်မင်းက သန်ကား ဝသန္တ(မိုးရာသီ)ကောက်၏..တူ ကား တူရာသီ ကောက်၏..
ဝသန္တဥတု..တူရာသီဟူလို...
အင်းဝခေတ်က..သတင်းကျွတ်ဟုခေါ်ကြကုန်၏..
သတင်းသီလ ဆောက်တည်နေရာမှကျွတ်သည်..ဝါကျွတ်သည်..ဆိုရချိမ့်..
အဖအမိတို့ ကိုလွမ်းတမ်းတစေသော..ကာလဟုဆိုသော် လွန်မည်မထင်..
မိဝေးဖဝေးသော အတို့ ကျွန်တို့ ..ရင်ထဲ..ယခင်က ကန်တော့ရကောင်းမှန်းမသိခဲ့သော
အမိအဖတို့ ကိုပြင်းပြစွာ..ရိုးကျိုးရှိခိုး ကန်တော့လိုသည်မှာ..အဘယ်အခါကမှနှင့်မတူ..
အဖသည် သည်ကား...အနိစ္စခန္ဓာရွေ့ လေပြီး..ဖြစ်၍..အမိသည်ကိုသာ
တမ်းတရလေပြီ...
အတို့ ရှင်..ဗုဒ္ဓကား..မယ်တော်ဖြစ်ခဲ့ချေသောသန္တုဿီတ နတ်သားအား
တရားအမြိုက်ဆေးတိုက်ကျွေးအပြီး..တာဝတိန်သာမှ..သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူလေ၏..
အတို့ ကျွန်ကား..မွေးကျေးဇူးမဆပ်နိုင်သေး..
ကျွေးကျေးဇူးကားတတ်နိုင်သမျှဆပ်နေဆဲတည်း..
သူကြီးငမင်း..အသို့ နည်း...ဤနေ့ ထူးကာလ အဘိဓမ္မာနေ့ သမယ၌ မိဘကျေးဇူးဆပ်သော် မသင့်လော...
ငတီငယ်ရို့ ..ငဆွေရို့ ..ငဆန်းရို့  ..ငကိုရို့ ...အိုအစဒလ အမှူးပြုသော....
အိုပန်းခက်..အိုရုပါရှင်..အိုကေကေ..အိုပွင့်..အိုသနဘမ..အိုသင်တိုင်းဝါရှင်..နှင့်.အမည်နာမ မရင်းကုန်သော..
ညီအစ်ကို..နှမ အစ်မသားချင်းရို့ ..တတ်စွမ်းကုန်သော..ကောင်းမှုဖြင့်..ကျေးဇူးဆပ်သော်မကောင်းလော..
အကျွန်သည်သား..ဤနေ့ သည်ကား...ရက်ထူးဖြစ်သဖြင့်..ဥပုသ်သီတင်း စောင့်ထိန်းချေပြီ..
သေတင်းကုပ်ကိုယောင်လို့ ပင်စိတ်မကူးချေ....
အကျွန်၏ကောင်းမှုအား..အမျှပေးဝေပါ၏...
ရကြစေသောဝ်...
သီလဆောက်တည်ရသည်ကား..မလွယ်လှချေ...
စက္ခုံဒြေကိုစောင့်ရ၏...စောင့်ကာမှ..သိင်္ဃပူရသူတို့ အလှကိုမြင်ရချေ၏..
မြင်သည်ကိုမြင်၏ဟုမှတ်....မှတ်နေသောခဏ၌ကေအက်ဖ်စီ(KFC)က ကြက်ကြော်အနံ့ ရ၏..
နေ့ လွဲညစာမစားရန်စောင့်ထိန်းပြီးဖြစ်၍...ဤအာရုံတခါးကိုပိတ်..စိတ်ကိုငြိမ်အောင်ထား....ထား...ထား.
.."Wo..Wo..Wo..sad movie always make me cry..."..အလိုငါ တေးချင်းညည်းမိနေပါရောလား..
ဤသူငယ်မ Boney..M..ခဏနေအုံး..နောက်မှအားရအောင်ဟဲမည်...
ရှစ်ပါးသီလ..ရှစ်ပါးသီလ..လုံအောင်ထိန်း..တစ်ရက်တည်းကွဲ့ ..အများကြီးမဟုတ်ဘူး..
ဒီအတိုင်းမဖြစ်ချေပြီ...အာနာပါဏ ကူမှဖြစ်ချေမည်..
ရတနာ သုံးပါး...ကန်တော့...
မေ့ နေပြီဖြစ်သော..ရှစ်ပါးသီလပြန်ရွတ်ကြည့်..စ..လယ်..ဆုံး..သုံးပါး...မပြည့်စုံချေ...ခက်ချေတမုံ့ ..
ထား..တော့..ပြီးပြီ...တင်ပလ္လင်ခွေထိုင်..
အာရုံခြောက်ပါး..ငါးပါးလားမသိ..တံခါး..ခြောက်ပေါက်..ငါးပေါက်မသဲကွဲပေမင့်..
အာရုံကိုနှာသီးဝမှာကပ်..ထွက်လေဝင်လေ..ရှု....
ဝင်တယ်ထွက်တယ်..ဝင်တယ်ထွက်တယ်..ထွက်တယ်..ထွက်တယ်..ထွက်တယ်..အကုန်အကျများတယ်..
ချွေတာမှဖြစ်မယ်..ရည်မှန်းချက်မပြည့်နိုင်သေး..ဆယ်နှစ်လား..ဆယ့်ငါးနှစ်လားမသိရုန်းရအုံးမယ်..
ဟယ်လွတ်သွားပြီ..ပြန်စု..ပြန်စု..ဝင်တယ်..ထွက်တယ်..ပိန်တယ်..ဖေါင်းတယ်..ပိန်တယ်..ဖေါင်းတယ်..ဖေါင်းတယ်..ဖေါင်းဖေါင်းနေတယ်
ငါခဏခဏဖေါင်းနေတယ်..အနီကဒ်တွေလားအဝါကဒ်တွေလားမသိရတော့မယ်..
မောင်လူအေးရဲ့ 1818 ကဒ် အလကားရရင်ကောင်းမယ်..ဟယ်..ငါဘာတွေလျှောက်တွေးနေပါလိမ့်..
တရားဆက်မှတ်..ဆက်မှတ်..အဟောဝတ..ချမ်းသာလေစွ..
တရားတော်..တရာတော်..တရားတော်၏ကျေးဇူးပေ..ခလော...ခလော..ခလော..Z..Z..Z.Z.Z.Z.ZZZZZZZ..
...
..
ကျန်းမာချမ်းသာကြပါစေ..အဟီး..
(မောင်ထင်၏ မြန်မာဆယ့်နှစ်လအကြောင်း..မှ..အချက်အလက်များယူပါသည်..။)           
(၀၃။၁၀။၂၀၀၉ နေ့ကwww.pyaygti.net မှာ တို့တော့မယ်တဲ့ဆိတ်တော့မယ်(၄) အဖြစ်တင်ခဲ့ပါတယ်)

Thursday, July 5, 2012

လက်သမားဆရာလေး

နွေဦးရဲ့အစ နေ့ရက်တွေ ဆိုပေမယ့် အတော်ပူတာကလား...။
ရေနံချောင်းနွေရဲ့ မေလလယ် ဆိုတာ ငရဲပြည်ကို စိန်ခေါ်တယ်လို့ ပြောလိုက်ရင်
အရမ်းလွန်ကဲသွားမလားပဲ..။
အပူချိန် ၄၁ ဒီကရီ စင်တီဂရိတ်ဆိုတာ နဲနဲနောနောအပူချိန်မဟုတ်ဘူးနော။
မေလ၂၂ရက် ကနေ ၂၆ ရက်ဝန်းကျင်က နေနဲ့ ကျွန်တော်တို့ အရပ်ဒေသနဲ့ အနီးဆုံးထင်ပါ့။
မနက် ၁၁နာရီပဲရှိသေးတာ ရေကလည်းဆာလိုက်သမှ ရေအိုးကို ဖက်ထားချင်ရော..။
အဖွဲ့ခေါင်းဆောင် လက်သမားဆရာကတော့ ပြောထားတာပဲလေ " လူပျင်းရင် ရေသောက်၊ နွားပျင်းရင် သေးပေါက်"တဲ့။
ရေခဏခဏ သောက်နေတာဟာ အချိန်ဖြုန်းနည်း တစ်မျိုးပဲလေ။
အလုပ်က မြန်မြန်ပြီးဖို့ အားသွန်ခွန်စိုက် လုပ်ရတာပဲလေ။
ခုနှစ်တန်းကျောင်းသားတစ်ယောက် နွေကျောင်းအားရက်မှာ အိမ်စားရိတ်ဖူလုံဖို့အတွက် အလုပ်လုပ်ရတာ တယ်မလွယ်ဘူး။
စောစောကပဲ မေ့ပြီးခါးထောက်နေမိတာကို ခေါင်းဆောင်အရီးက ထေ့တာခံလိုက်ရသေးတယ်.."အောင်မာမင်းက
ခါးထောက်နေရအောင် အင်ဂျင်နီယာလားကွ" တဲ့။
အရီးဆိုတာက ဦးလေး လို့ ခေါ်တာပါ... ကျောက်ပန်းတောင်းနဲ့ ရေနံချောင်းဝန်းကျင်မှာ ခေါ်လေ့ခေါ်ထရှိပါသေးတယ်။
တစ်နေ့ ရှစ်ကျပ်ရဖို့ အလုပ်လုပ်ရတာလေ..။ လက်တိုလက်တောင်းအဆင့်ပေါ့.။
လက်သမားအခေါ်ဆိုရင်တော့ အိမ်တိုသမားပေါ့။
စဝင်ဝင်ချင်းအလုပ်သမားကို ရွေဘော်အိမ် အတို ပဲ ထိုးခိုင်းရတယ်လေ။
ရွေဘော်အိမ်အတိုဆိုပေမယ့် မထိုးတတ်ရင်၊ အကျင့်မရှိရင်လက်နာချက်ကတော့
မျက်ရည်တောင်လည်တယ်။ ရက်ပိုင်းအတွင်းမှာပဲ အသားမာတက်လာရင် ကံကောင်းတာပဲ။
အသားမာတက်တာ ကောင်းတယ်လို့ မဆိုပါဘူး..။ ဒါပေမယ့် အသားမာမတက်ပဲ အရေပြားပဲပေါက်ပြဲနေရင်
ပိုနာတယ်ဗျ။ ထမင်းတောင် လက်နဲ့မနှိုက်နိုင်ဘူး။ အထူးသဖြင့် ညာသန်ဆိုရင် ညာဖက်က ပိုပေါက်တယ်။
ဘယ်သန်ဆိုရင် ဘယ်ဘက်က ပေါက်တတ်တာမျိုးပဲလေ။
အဲဒီအချိန်ကစပြီး ထမင်းကို ဇွန်းနဲ့ပဲ စားတတ်တော့တယ်။
ကြီးကျယ်သွားတယ် လို့ ထင်တယ်မဟုတ်လား..ဟဲ..ဟဲ... လက်ဖဝါးမှာ ညောင့်တွေ စူးတာ
အိမ်ရောက်မှ နှုတ်ရတာ။ တခါတလေ အိပ်နေရင်း စမ်းမိမှ သတိရတာ..။မနက်မှ အမေ့ဆီက အပ်ချိတ်ငှားပြီး
ထွင်ရတာပဲ.. ဒါမှမဟုတ် အလုပ်ထဲကျမှ ရွေဘော်သွားပြတ်တာလေးနဲ့ ခွဲထုတ်လိုက်တာပေါ့။မထွင်ရင်လည်
တနုံ့နုံ့နဲ့ ဗျ... ရှိမှန်းမသိရင်လည်းကိစ္စမရှိဘူး။ သိနေတော့ ထွင်ချင်တာပေါ့။
အိမ်တိုထိုးတယ်ဆိုတာကလည်း ဂျီး(ကြေး)ချွတ်ဖို့လောက်ပဲလိုတဲ့ သစ်သားတွေကို ထိုးရတာ။
ပညာသားမပါပေမယ့် လူအင်အားလိုတယ်လေ ကြမ်းခင်းတို့ ဇလီတို့ ဆိုရင် တွယ်ပေတော့။
နှစ်ငါးမူး(၂"x၁/၂") ဇလီကတော့ ရွေဘော်ထိုးရလွယ်တာပေါ့ . အင်သားတွေကိုး။
ထောက်ကြံ့သားတွေ ထိုးရရင် ချွေးဒီးဒီးကျတယ်။ အသားမာလည်းမဟုတ်ဘူး.. မာတာလည်း အတော်မာတာ။
အကုန်းဘက်ထိုးရတုန်းကတော့ ဟုတ်နေတာပဲ ...အခွက်ဘက်ရောက်ရင် သက်ပြင်းချပေတော့။
၆လက်မလောက်ရှည်တဲ့ ရွေဘောအိမ်တို နဲ့ ကြေးပြောင်အောင် မနည်းထိုးရတယ်။
ရွေဘော်အိမ်တိုထိုးတာ ကျွမ်းကျင်လာတော့ အိမ်လတ်အဆင့်ရောက်လာရော..။
သိပ်မပင်ပမ်းတော့ဘူး.. ပညာသားပါလာပြီ။ အလိမ်ဖြည် အဖြောင့်ထိုး အဆင့်ပေါ့။
သစ်သားချောင်းရဲ့ မျက်နှာစာတစ်ဖက်ကို တစ်ပေလာက်ရှိတဲ့ ရွေဘော်အိမ်နဲ့ ညီညာနေအောင်ထိုးရတာ။
နံကပ် အိမ်တွေမှာ တန်းတွေ အတွက် ထိုးရလေ့ရှိတယ်။ ဒါပြီးမှ ကျင်တွယ်ကိုက် အဆင့် ။
ဒေါင်တစ်ဖက်ကို အလိမ်ဖြည် အဖြောင့်ထိုးပြီး ဘေးကပ်လျှက် တစ်ဘက်ကို ၉၀ ဒီကရီ ထောင့်မှန်ကျရအောင်ထိုးရတာ။
ကျည်းခွေ(တံခါးချပ်ထည့်တဲ့ဘောင်) တွေအတွက် ထိုးရတာပေါ့။ ကျည်းခွေရမှ တံခါးချပ်အတွက် ဘောင်တွေ မှန်ဆန်တွေ ထိုးရတယ်။
အဲဒီနေရာကျော်လာရင် ဆောက်ထွင်းရပြီ... တံခါးဘောင် တွေကို ၃မူးဆောက်နဲ့ ထွင်းပေတော့။
"ဆောက်တိုခါးကုန်း မယားမုန်း" တဲ့။ လက်သမားတစ်ယောက် ဆောက်ထွင်းရပြီဆိုရင် ညနေဖက် အိမ်ပြန်လို့
ရေချိုးရင် ခါးရေလောင်းရတော့တာပါပဲ။ ညဖက် ကိုက်လွန်းလို့။ ဒါကြောင့်လည်း လက်သမားများ
အသက်ကြီးရင် ခါးကုန်းကြတာပဲ။ အဲဒီအချိန်ရောက်ရင် ဆောက်ကလေးကလည်းတိုသွားပြီ..
ဝင်ငွေကလည်း မရှာနိုင်တော့လို့ မယားကတောင်မုန်းပါသတဲ့။
နေ့လည် ဆယ့်နှစ်နာရီကျော်ရင် နီးရင် ထမင်းစားပြန်ကြပါတယ်။ ဝေးတဲ့လူတွေက ထမင်းချိုင့် ဆွဲလာတာပေါ့။
လက်ဖက်သုပ်လေး၊ ပဲကြော်သုပ်လေးနဲ့ပဲပြီးကြတာပါပဲလေ။ ဘဲဥကို ခရမ်းချဉ်သီးနဲ့ ကြော်ချက်လေးပါရင်
အတော် အဆင်ပြေတဲ့သူပေါ့။ ကြိုက်တတ်ကြတာကတော့ ငါးခြောက်ကို ခရမ်းချဉ်သီးနဲ့ အစပ်ချက်လေးမျိုးပေါ့။
ဘာနဲ့စားစားဝင်ပါတယ် ဗိုက်ကတောင်းဆိုလာရင် ပါးစပ်ကငြင်းမနေနိုင်ပါဘူးလေ။
မနက်ကတည်းက မုန့်ဟင်းခါးတစ်ပွဲပဲ စားထားတာလေ။
မုန့်ဟင်းခါး အသုပ်တစ်ပွဲ တစ်ကျပ်ခွဲ အကြော်ပါရင်နှစ်ကျပ် နေ့ခရဲ့လေးပုံတစ်ပုံရှိတယ်။
မရှက်တတ်ရင် လေးဇွန်းပဲ ကော်လို့ရမယ်... ဒါပေမယ့် ဟန်ဆောင်ပန်ဆောင်ပေါ့..။
ဟင်းရည်လေး သောက်လိုက် မုန့်ကော်စားလိုက် ရေနွေးတစ်ခွက်လောက် ဆွဲလိုက်ပေါ့။
နှစ်ကျပ်နဲ့ တန်အောင်စားနေတာမဟုတ်ပါဘူး.. ကိုယ့်ဗိုက်ကို အယုံသွင်းနေတာ။
ပါးစပ်ကတော့ ရသတဏှာ မပြတ်ချင်ဘူး။ နောက်ထပ် အရည်ဖျော်တစ်ပွဲလောက်တော့ ဆွဲချင်သေး။
အရိုးမရှိတဲ့အကောင်တွေ အလိုမလိုက်ပါနဲ့ ဆိုတာအမှန်သား...။
အလုပ်အချိန်မီအောင် သုတ်ခြေတင်ရမှာဆိုတော့ စားပြီးငွေရှင်းပြေးပေတော့။
အခုနေ့လည် ၁၂နာရီကျော်ဆိုတော့ ဆာပြီပေါ့..။
ရေတစ်ခွက်လောက် သောက်ပြီး ရှိတာချ စားတော့တာပဲလေ။
စားပြီးတရေးလောက်နှပ် ၁၀ မိနစ် ကနေ နာရီဝက်ပေါ့။
အလုပ်က ၁နာရီခွဲလောက် ၂ နာရီလောက်ပြန်စတာပေါ့။
နေအရမ်းပူရင်တော့ ၂နာရီခွဲလောက်မှပြန်စတာပေါ့...အပြန်လည်းနဲနဲနောက်ကျတာပေါ့ ။
လက်သမား တော်မတော်ဟာ သံရိုက်ပုံမှာ သိသာတယ်။
"လက်သမား သံမကောက်" တဲ့လက်သမားကောင်းတစ်ယောက်ဟာ သံကောက်အောင် မရိုက်ရပါဘူး။
ကျွန်တော့်ဆရာသမားတွေက တော့ အားပေးပါတယ်။
"မင်းတို့ကတော့ ခါးပုံစထဲက သံအောက်ကျသွားရင် မကောက်တော့ အကိုက်ပေါ့"တဲ့။
ဒါပေမယ့် အကောက်နည်းတာနဲ့ များတာပဲကွာပါတယ်။ကောက်ကြတာပါပဲ။
အလေအလွင့်နည်းအောင် လုပ်နိုင်မှ အလုပ်အပ်တဲ့သူ သက်သာမှာပေါ့။
"ကောက်အစိတ်၊ ပျောက်အစိတ်" ဆိုတာလည်းရှိသေးတယ်။
သံဝယ်ထားတာ တစ်ပိဿာ ကောက်သွားတာအစိတ်သား၊ကျပျောက်တာအစိတ်သား၊ တကယ်ရိုက်တာ
အစိတ်သား၊ ခါးပုံစထဲမေ့ပါသွားတာ အစိတ်သား၊မေ့ချင်ယောင်ဆောင်တဲ့လူလည်းရှိတာပေါ့လေ။
ခုနက ရွေဘော်အကြောင်းပြန်ဆက်ရရင် အိမ်တိုနဲ့ အိမ်လတ်တော့ ပြောပြီးပြီ။
အိမ်ရှည်ဆိုတာ ရှိသေးတယ်.. အင်မတန်သုံးခဲပါတယ်။
တစ်ပေခွဲလောက်ရှည်တယ်.. တခါးစပ်ဖို့ ဒေါင်အရှည် ဖြောင့်တာလောက်ပဲ သုံးပါတယ် အသုံးအရမ်းနည်းပါတယ်။
ပညာသားအပါဆုံးက တံခါးခွေတာပဲ၊ တံခါးခွေတဲ့သူက စရွေး ကို သုံးသပ်တာမှန်မှ တာရှည်ခံတယ်။
မြန်မြန်ပြီးချင်လို့ စရွေးချောင်ရင် တံခါးက အမြန်ကျတယ်... တံခါးကျတယ်ဆိုတာက တံခါးတပ်ပြီးရင် အနှေးနဲ့
အမြန် တံခါးနှစ်ရွက်ထိတဲ့ရင်စေ့နေရာက အောက်ကျတာပါပဲ စရွေးချောင်ရင် ပိုမြန်တာပေါ့။
ကျွန်တော်တို့အချင်းချင်းတော့ နောက်ကြတာပေါ့"ဒီအကောင် စရွေးစွပ်ရင် ပိုးဟပ်ချောင်ချောင်၊ အိမ်မြောင်ကျပ်ကျပ်ပါကွာ"
စရွေးချောင်လွန်းလို့ ကြားထဲ ပိုးဟပ်တောင်ချောင်ချာင်ချိချိဝင်နိုင်တယ်၊ အိမ်မြောင်ကျမှ ကျပ်တယ်ပေါ့။
စရွေးကအရမ်းကျပ်လွန်းသွားရင်လည်း မကောင်းဘူး တံခါးခွေနေရင်းနဲ့ကို ကွဲထွက်တာလေ။
စရွေးတကယ်ကောင်းရင် စရွေးစွပ်ပြီး ရေထဲချကြည့် ပြန်ဆယ် ပြီးရင် စရွေးပြန်ချွတ်ကြည့် စရွေးအဖိုရေမစိုရဘူးတဲ့။
ဒါကတော့အပြောသက်သက်ပါ တကယ်ဘယ်သူမှ လုပ်မကြည့်ကြပါဘူး။
ကျွန်တော်ကတော့ လက်သမားတစ်ယောက်ရဲ့ လက်ရည်ကို သူဆောက်ခဲ့တဲ့ အိမ်က တံခါးကြည့်လိုက်တာပဲ။
ကျွန်တော် ကျွမ်းကျင်တာကတော့ အတိုင်းအတာပညာပါပဲ။
ရှိသမျှ လက်သမားအားလုံးကို သုံးနှစ်နဲ့ ကျော်တက်လာတာ အတိုင်းအတာ၊အတွက်အချက်နဲ့။
လုပ်သက် ၇နှစ်နဲ့ ခေါင်းဆောင် တက်လုပ်လာတာ.. တော်လွန်းလို့မဟုတ် လည်လွန်းလို့ဖြစ်မယ်။
ရွေဘော်ထိုးတာ တကယ်မတတ်ဘူး၊ တတ်တယ်ဆိုရုံပဲ သံရိုက်တာ ဒုတိယ၊ တတိယတန်းစားပဲ။
ဒါပေမယ့် မြေပြင်ပေါ်မှာ ခွင်ချပြီး အကြမ်းထည် ဆောက်တာတော့ ဆရာသမားတောင် လေးစားသွားတယ်။
စနစ်ကောင်းလွန်းလို့တဲ့၊ ကျွန်တော်က ကျောင်းသားဆိုတော့ ကျောင်းသားအမြင်နဲ့ သွားတာကိုး။
ကျွန်တော့လက်ရာကို ကြည့်ချင်ရင် ရေနံချောင်းကောလိပ်ရွှေယင်းမာ(၂)တို့၊ အထက(၁) တို့မှာရှိပါတယ်။
သစ်အစိုအခြောက် အနုအရင့် အခြေအနေကြောင့်ယိုယွင်းလာရင်တော့ မပြောတတ်ဘူး။
တကယ်သေသပ်ပါတယ်..။ မြန်မာလက်သမားတွေမှာ စံတွေရှိတယ်။
ဥပမာ ထုပ်ကိုးတောင် ၊ခေါင်ကိုးမိုက် တဲ့ ထုပ်ကိုးတောင်အလျားရှိရင် ၊ ခေါင်က ကိုးမိုက်မြင့်ရမယ်ပေါ့။
သွပ်မိုးပုံစံပေါ့၊ ထုပ်ကိုးတောင်ဆိုရင် တစ်ဖက် လေးတောင်ခွဲ(တစ်ဆယ့်သုံးမိုက်ခွဲ)၊အမြင့်က ကိုးမိုက်။
ကျွန်တော်တို့အဖို့က ၂ အချိုး၃ ပဲပေါ့..ရှင်းနေတာပဲလေ။ မြန်မာလက်သမားတွေ ကျင်တွယ်ကိုက်အောင်
လုပ်တဲ့နည်း (ဝက်ခေါင်းထိုးတယ် ပြောကြတာပဲ) အလျား ၆ပေရှိတဲ့ဝါးခြမ်းတစ်ချောင်း၊၈ပေ တစ်ချောင်းကို
ထောင့်မှန်ချ ပြီးရင် ၁၀ပေ တစ်ချောင်းနဲ့ ထိပ်နှစ်ဖက်ချုပ်တယ်။ ၇တန်းကျောင်းသားက ပိုက်သာဂိုးရပ်စ်ရဲ့
၃:၄:၅ ထောင့်မှန်ကျ သီအိုရီကို ပြေးမြင်တယ်။ ဒါပါပဲလေ။
ဒီလိုနဲ့ပဲ ညနေ ၆နာရီခွဲလောက်ဆိုရင် ပြန်မယ် ဖင်တကြွကြွပေါ့ အလိုက်တသိ ပစ္စည်းသိမ်းရတာပေါ့။
လူလည်ကျပြီး စောစောသွားမသိမ်းလိုက်နဲ့ နောက်နေ့ ဒီကောင် ကျွန်တော့်အဖွဲ့ထဲ မခေါ်ချင်ဘူးဆိုရင်
နေရာပျောက်မယ် ။ အထာပေါက်ရမယ် ။ လက်ထဲကအလုပ်ကို လက်စ ဖြတ်နိုင်အောင် အရင်ကြိုးစား
ရတာမျိုး။ အိမ်ပြန်ချိန်ရောက်လို့ အိပ်ကပ်ထဲ လက်နှိုက်ကြည့်လို့ ငွေတစ်ကျပ်လောက် ကျန်ရင် လာထား
ကွမ်းယာ မြေပုံ(ဆေးမွှေး)နဲ့ တမတ်ဖိုး ။မနက်က တစ်မတ်ဖိုး ။အိမ်ပြန်ရောက် ရေတွင်းရှိရာကိုသွား ရေအေးအေးလေးလောင်း။
ဇိမ်ပဲပေါ့ဗျာ..။

Tuesday, April 10, 2012

မအိုဆေး

ဒီ Blog ကတော့အများအတွက် အကျိုးရှိစေလိုတဲ့သဘောနဲ့ ရေးလိုက်တာပါ။
ရယ်မောစရာလို့ သဘောထားလိုကထားနိုင်ပါတယ်။
တကယ့်အကြောင်းအရာကို ကျွန်တော် အခြေခံထားပါတယ်။
ကျွန်တော်အညာ(ရေနံချောင်း)ကိုရောက်သွားတော့ စကားဆန်းကိုကြားရပါတယ်။
လူငယ်တွေ “မအိုဆေး”သုံးနေကြတယ်တဲ့။
ဘယ်လိုပါလိမ့် ဝိဇ္ဇဓိုရ်နဲ့ တွေ့ နေကြသလား။
ပေါက်စေဆရာတွေ၊ဘိုးတော်တွေ များပေါ်နေသလားပေါ့။
သေသေချာချာမေးကြည့်တော့မှ အရက်ဖြူကိုပြောတာပါတဲ့။
ဘီအီးလား၊တောအရက်လားတော့မသိဘူး။
ဘီအီး လို့ တော့ပြောတာပါပဲ။အဲဒါကိုသောက်ရင်မအိုတော့ဘူးတဲ့။
ဘာလို့ လဲဆိုတော့ ငယ်ငယ်ရွယ်ရွယ် နဲ့ သေရလို့ ပါတဲ့။
ဟုတ်ပါတယ်..လူငယ်တွေအနှေးနဲ့ အမြန် သေနေတာကို သတိထားမိပါတယ်။
အရက်အကြောင်းနဲနဲ ပြောလိုပါတယ်။
မြန်မာပြည်ထဲကအရက်တွေကို အထူးပြောလိုတာပါ။
အသောက်အများဆုံးက အရက်ဖြူပါ။
တောအရက်နဲ့  ဘီအီး ကိုခေါ်ပါတယ်။
တောအရက် ကို ထွေးညိုလို့ လဲခေါ်ပါတယ်...ဂျမ်းဂဲ လို့ လဲခေါ်ပါတယ်။
ထန်းလျက်ကို တစေး(အလျင်yeast)နဲ့ အချဉ်ဖေါက်(fermentation)ပြီးပြန် ပေါင်းခံရာက ရတဲ့ အရက်ပါ။
ဘီအီးက ဘီအီးဒီစီ(BEDC)Burma economic distillery coporation ကထုတ်တဲ့ အရက်ပါ။အရက်တစ်ပုလင်းမှာ
အရက် ၂၆% နဲ့ ကျန်တာရေနဲ့ ရောစပ်ရပါတယ်။
အစိုးရအရက်ဖြူကိုခေါ်တာပါ။ကြံသကြားကနေ ချက်တာပါ။အမှန်တော့Rum ကနေလာတာပါ။
Rum(ရမ်) က ကြံရည်ကနေချက်တာပါ...ပြီးတော့ ဝက်သစ်ချသား စည်တွေနဲ့ သက်တမ်းရင့်လာအောင်ထားရပါတယ်။
အရက်၄၃%နဲ့ ရေရောစပ်ထားတပါ။ဂျမေကာရမ် ကနာမည်ကျော်ကြားပါတယ်။
ဝီစကီကတော့ ဘာလီ၊မော့ဘာလီ၊ဂျုံကနေထုတ်တာပါ..သူလည်းအသားသေအောင် သက်တမ်းရင့်
အောင်ထားရပါတယ်။အရက်၄၃% နဲ့ စကော့တလန် ကရေနဲ့ စပ်ထားတဲ့ ဝီစကီတွေကနာမည်ကျော်ပါတယ်။
ဂျော်နီဝေါ့ကား အများစုဟာ သက်တမ်း၁၂နှစ် အထက်ပါ။ပုလင်းဖုံးမှာရေးထားပါတယ်။
စကော့ဝီစကီကို ဘယ်နိုင်ငံကမှမယှဉ်နိုင်သေးပါဘူး။
ဘီယာကလည်းမော့ဘာလီ၊ဂျုံနဲ့ ပြောင်းအုပ်စုကလာတာပါ...အဓိကကတော့ဗျစ်ပွင့်(Hops)ရဲ့ အရသာကြောင့်နာမည်ကြီးပါတယ်။
ရှေးအကျဆုံးယမကာပါ။အရက်ပါဝင်မှု၎%မှ၂၀ အထိရှိပါတယ်။၎-၆%ကပုံမှန်ပါ။
pale-lagers,palep-ale,strong-ale,stout,brown-ale စသည်ဖြင့်ရှိပါတယ်။
သတိထားသင့်တာက ဘီယာပုံမှန်တစ်ခွက်သောက်တာဟာ ဝီစကီ တစ်ပက်သောက်တာနဲ့ သိပ်မကွာပါဘူး။
ရေပါဝင်နှုန်းများနေလို့ ချက်ချင်းမမူးတာပါ။လျှော့မတွက်သင့်ပါဘူး။ဝီစကီ ၄ပက်ဆိုရင် သာမန်ယောင်္ကျားတစ်ယောက်
အနေနဲ့ မူးပါတယ်။ဘီယာ၎ခွက်ကလည်းမူးနိုင်ပါတယ်။
ဝိုင်ကတော့ စပျစ်ကနေကစော်ဖေါက်ထုတ်တာပါ..ပြင်သစ်ကစပျစ်ကဝိုင်အတွက်နာမည်ကြီးပါတယ်။ပြင်းအား၁၀-၁၄%ပါ။
ဝိုင်အနီနဲ့ အဖြူ နှစ်မျိုးပါ။champange ဟာလည်းဝိုင်ကနေလာတာပါ။
ဘရမ်ဒီကလည်းစပျစ်ကနေထုတ်တာပါပဲ။သူကပေါင်းခံချက်တာပါ။cognac ဟာဘရမ်ဒီအုပ်စုကပါ။
ဗော့ကာ(Vodka) ကတော့ ဆန်တို့ အာလူးတို့ ကထုတ်တာပါ။အာလူးကထုတ်တဲ့ ရုရှ ဗော့ကာတွေကနာမည်ကြီးပါတယ်။
ပြင်းအား၃၅-၅၀%ပါ။ဂျင် ကလည်းဗော့ကာတို့ အမျိုးပါ။
ဂျပန်ကနာမည်ကြီးဆာကေးကတော့ ဆန်အရက်ပါ။ဆန်လိုအရာတွေကဖြစ်တဲ့ကော်(starch)ကနေဖြစ်တာပါ။
ပုံမှန်ပြင်းအား၁၈-၂၀%ပါ။ထူးဆန်းတာတစ်ခုက အရက်အားလုံးနီးပါးအအေးခံသောက်ပါတယ်။
ဆာကေး(sake)ကိုတော့ အပူပေးလည်းသောက်ကြပါတယ်။
ကိုရီးယား ဆိုဂျူး(Soju)ကလည်းနာမည်ကြီးပါတယ်။
အရက်ကြော်ငြာတော့ပြီးပါပြီ...
ကျွန်တော်ပြောချင်တဲ့အဓိကအချက်ကအခုမှစပါမယ်။
မြန်မာပြည်ထဲက တရားမဝင်အရက်တွေကို အဓိက ထန်းလျက်ကချက်ပါတယ်။
အချို့ ကတော့ ဂျပန်ဖိနပ်တို့ ဖားပြုပ်ခြောက်တို့ ပြင်းအားကောင်းအောင်ထည့်ပါသတဲ့။
လူပြောများတာကတော့အင်ဒရင်း(endrin)ကိုနှီးပြားလေးနဲ့ စွတ်ပြီးခတ်ပါသတဲ့။
အခတ်လွန်သွားလို့ ရှောသွားတာတွေလည်းရှိပါသတဲ့။
အခုလက်တွေ့ သုံးနေတာကတော့ မက်သနော(Methanol)ဖြစ်ပါတယ်။
methyl alcohol အရက်ပြန်...အုပ်စုပါ။
ယခင်က ဂျာမန်တွေ စက်သုံးဆီရှားနေစဉ်က ဘိုင်အိုဒီဇယ်အဖြစ် အရင်ကသုံးခဲ့ပါတယ်။
wood spirit လို့ လည်းခေါ်ပါတယ်။
သူ့ ကိုအရက်ထဲထည့်ရင် အရက်ပိုပြင်းပါတယ်။
ဘေးထွက်ဆိုးကျိုးက အဆိပ်သင့်ခြင်းဖြစ်ပါတယ်။နှစ်မျိုးဖြစ်ပါတယ်။
ပထမတစ်မျိုးကသောက်ခြင်း၊ရှုခြင်း၊အရေးပြားမှစုပ်ယူခြင်းတို့ ကြောင့်ဖြစ်ရပါတယ်။
၁၀မီလီလီတာသောက်ရင် နာ့ဗ်ကြောထိခိုက်ပြီးမျက်စေ့ကွယ်နိုင်ပါတယ်။
၃၀ မီလီလီတာသောက်ရင်အသက်ဆုံးရှုံးနိုင်ပါတယ်။
နောက်တစ်ခုက အသည်းမှာရေဆုံးရှုံးပြီးအသည်းခြောက်တာပါ။
ဖေါမစ်အက်ဆစ်(fomic acid)ကနေဖေါ်မယ်ဒီဟိုက်(fomaldehyde)ကနေတဆင့်ခြင်းလာပါတယ်။
ဒီဖြစ်ရပ်ကိုကျွန်တော်လက်တွေ့ တွေ့ ခဲ့ရပါတယ်။
ကျွန်တော့်ရဲ့အစ်ကိုရင်းဖြစ်သူဟာ..အရက်ကြောင့်အိပ်ယာထဲလဲခဲ့ပါတယ်။
တစ်လကျော်ကြာတော့မျက်စေ့မှုန်လာပါတယ်။
အသည်းလည်းယိုယွင်းလာပါတယ်။
နှစ်လလောက်ကြာတော့မျက်စေ့မမြင်ရရှာတော့ပါဘူး။နောက်တော့ဆုံးပါးသွားပါတယ်။
သူနောက်ဆုံးမသေခင်၃ရက်အလို(၂၇၊၁၂၊၂၀၀၉)ကပြောတာကတော့ ကိုယ့်မိုက်ပြစ်ကိုယ်သာခံရတာပါပဲတဲ့။
သူပြောတာအမှန်ပါ...သူ့ ရှေ့ တွေမှာဒီလိုသာဓကတွေ သူတွေ့ ပြီးသားပါ။
သိသိကြီးနဲ့ အမိုက်ခံသွားတာပါ။စာမတတ်လို့ လည်းမဟုတ်ပါဘူး။
အထက်တန်းအဆင့်အောင်ပြီးသားပါ။စားရေးသောက်ရေးလည်းမပူရပါဘူး။
ဘာကြောင့်အရက်ရဲ့ ကျေးကျွန်ဖြစ်သွားရပါသလဲ။
ကျွန်တော်သူ့ ကိုသနားရမှာလား...စိတ်ဆိုးရမှာလား...ဝမ်းနည်းရမှာလား။
သူ မအိုပဲနဲ့ သေသွားရှာပါပြီ။
စာဖတ်သူ...ရောဘယ်လိုလဲ?မအိုဆေးသောက်နေတုန်းပဲလား?
အချိန်ရှိခိုက်..မိုက်ဇာတ်သိမ်းလိုက်ပါလား..?
အစ်ကို(ကိုကျော်စိုးမိုး) ကောင်းရာသုဂတိလားပါစေ.....

Tuesday, February 14, 2012

ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ

ကိုငါးကြော် မွေးရပ်မြေကိုမရောက်တာကြာခဲ့ပြီ...
ကိုင်းဘယ်နှ နှစ်လောက်ရှိပလဲ...သုံးနှစ်လားထင်ပါ့..
ရောက်လည်းအရင်ကလိုမပျော်တော့ပြီ...
ရန်ကုန်မှာရောက်နေတော့လည်း တစ်နှစ်မှ တစ်ခါလောက်သာပြန်နိုင်ခဲ့တာ..
အခုများတော့ပိုဆိုးပေါ့...
စိတ်သာရောက်..လူမရောက်တော့ပြီ...
ငယ်ငယ်ကလို မလွတ်လပ်တော့ပြီ..
၉နှစ်သား၊၁၀နှစ်သားကလို မပျော်ပါးနိုင်တော့...
အပူအပင် ကင်းမဲ့စွာနေလို့မရတော့ပြီ..
ဘုရားပွဲတော်ရှိလို့ ပျော်တယ်ဆိုတာ ဘာကိုပျော်မှန်း မသိတော့...
ဘကြီး ဘုန်းကြီးကျောင်းမှာ ကျောင်းသားလုပ်ခဲ့တာ ကိုတော့မမေ့နိုင်သေး..
အဲဒီတုန်းကတော့ ကျောင်းသားဝိုင်းမှာ စားခဲ့ရသောက်ခဲ့ရတာသည် အခုလဲမရနိုင်..
ဟင်းပေါင်းကို အလယ်တည်ပြီး.. ငရုပ်သီးကြော်(ငပိကြော်)၊သရက်ချဉ်သုပ်၊အသားကပါခဲသည်..ဒါပေမယ့်ငယ်တုန်းဆိုတော့ စားလို့ဝင်သည်....ဗိုက်အင့်နေအောင် စားခဲ့သည်..မြိန်ရာဟင်းကောင်းဆိုတာဟုတ်လောက်သည်...ဘုန်းကြီးဆွမ်းဟင်းဂျုပ်ဆိုတာကလည်း တစ်ပါးစာတောင်အနိုင်နိုင်...အသားဟင်းဆွမ်းခွက်က ကျောင်းထိုင်ကြီးစားပွဲပို့ရတာလေ..
ကျောင်းမှာက ကျောင်းထိုင်ဆရာတော်၊ခန်းနေဦးပဉ္ဇင်း(လက်ထောက်ကျောင်းထိုင်)၊ကိုရင်ကြီးနှစ်ပါး..
ကိုရင်(အသက် ၂၀ မပြည့်သေးသော)နဲ့ကိုရင်လေးများ၊ကျောင်းသားများပေါ့
ကိုရင်ကြီးနှစ်ပါး ဆိုတာကရှင်းပြဖို့လိုလာပြီ..
အမှန်တော့ အသက်အရွယ်ကြီးလာပြီးပဉ္ဇင်းတက်ရန်မဖြစ်နိုင်သော ကိုရင်နှစ်ပါး..
ဦးရင်ကြီးတွေဆိုရင် ပိုမှန်မယ်...အသက်က၄၀ ..၄၅ လောက်တွေကိုး..
တစ်ပါးကဦးသီလဝါတဲ့..ဆရာတော်ကြီးညီအရင်းတဲ့..ဗလွတ်ရွှတ်တွရယ်...
ဂီလာနပါဘုရားလို့ဆိုလိုက်ရင် ထရေ(ထန်းရည်)သောက်လို့ရတယ်လို့ ဆိုတတ်သူ..
ကျန်တာတော့ တကယ်သောက်မသောက်မသိ...
ပါးစပ်ထဲကွမ်းအမြဲဝါးနေလို့အနံ့တော့မရဘူးလေ...
တရားစာမဖတ်ထာ မကျင့်တာလွဲလို့ မကောင်းတာဘာမှမလုပ်...
နောက်တစ်ပါးက ကိုရင်ကြီးဦးသာချီ..ကိုရင်ဘွဲ့တောင်မမှတ်မိချေ....သူကိုယ်တိုင်ကိုမှတ်မိပုံမရ...နေလောင်ထားတဲ့အသားကခပ်ညိုညို..အရပ်ပုပျတ်ပျတ်..စကားကနည်းနည်း...မျက်တောင်လေးပုတ်ခပ်ပုတ်ခပ်နဲ့ဣနြေ္ဒသမ္ပါတ္တိက ခပ်ကောင်းကောင်းရယ်။
ဆွမ်းခံကြွရင် ရှေ့သုံးတောင်ပဲကြည့်တယ်..ဘယ်သူဆီက နည်းနာနိဿယ ခံသလည်းမသိ...အင်မတန်ကြည်ညိုဖို့ကောင်းတာကိုး...ညဖက်ဗိုက်အတန်ဆာတတ်တာလေးပဲပြောဖို့ရှိတယ်..ဘယ်ကိုရင်လေးတွေ ဧဝံမေသုတံ...သုတံ..သူတို့နဲ့မဆိုင်
ဤသည့်စားဖွယ်..အမယ်မယ်ကို...ဆိုချင်သလောက်ဆို သူတို့က ဆိုရန်မလို
သဒ္ဒါကိုးခေါက်စာပြိုးပြောက် ဆိုတာ ပထမကြီးဖြေချင်တဲ့ ကိုရင်တွေအတွက်ပဲ
သို့ပေမင့်သင်္ဃန်းစည်းထားတော့ ကိုရင်ပဲလေ..မသိရင် ဦးဇင်းပေါ့
ခက်တာက..တခါတလေမှာ အထင်မှတ်မှားတာမျိုးပေါ့
ဦးသာချီက ဆွမ်းခံကြွရင် ဘေးဘီဝဲယာမကြည့်တော့ အချို့ကကြည်ညိုသည်။
နာမည်ကြီးဆရာဝန်ကြီးတစ်ဦးကပါ အရမ်းကြည်ညိုသည်...ဆွမ်းအမြဲလှူသည်..တရားထူးရနေသည်တောင်ထင်သတဲ့..
တစ်နေ့တော့ ဆရာဝန်ကြီးက ဦးသာချီကိုဆွမ်းကပ်သည်..
ဦးသာချီ အေးအေးလူလူဆွမ်းဘုန်းပေးသည်..
ဆွမ်းကပ်အပြီး..ပြဿနာကစတော့သည်...
ဆရာဝန်ကြီးက ဆရာတော် ဆွမ်းတရားလေးချီးမြှင့်ပါဘုရားတဲ့
ဦးသာချီ အခက်တွေ့ပြီ...သူဆွမ်းတရားမဟောတတ်..ငါးပါးသီလပင်မပေးတတ်..ခက်ကရော...ချွေးသီးချွေးပေါက်တွေကျလာသည်...
အလိုလိုနေရင်းဖုတ်ခနဲ မေ့သွားသည်ဆရာဝန်ကြီး နားကြပ်နဲ့စမ်းသည်..
နှလုံးခုန်နှုန်းနဲနဲမြန်သည်မှအပ အကုန်ကောင်းသည်။
နာမည်ကြီးဆရာဝန်ကြီးလက်မြှောက်လိုက်သည်..
စိုးရိမ်စရာမရှိသည့်အတွက် ကားဖြင့်ကျောင်းပြန်ပို့ပေးသည်။
ကျောင်းရောက်မှပဲ ဦးသာချီ မျက်လုံးမှေးမှေးလေးဖွင့်ကြည့်တော့သည်။
နောက်ပိုင်း အဲဒီရပ်ကွက်ကို ဦးသာချီ ဆွမ်းခံမထွက်တော့....
ကျောင်းသားတွေနဲ့ အနီးအနား အကြောင်းသိတွေ ရယ်လိုက်ရတာတအုံးအုံး..
အခုတော့ ဦးသာချီလည်း အိမ်ထောင်ကျသွားလို့ အရင်လိုမဟုတ်တော့ပြီ..
ကိုငါးကြော်လည်း ပါဠိဘာသာအတော်ကျွမ်းလာခဲ့သည်။(ပရိတ်ကြီး၁၁ သုတ်အလွတ်မရတာမပြောလို)ဘာပြောပြောပျော်ဖို့အင်မတန်ကောင်းခဲ့တာကလား.......။