Saturday, July 17, 2010

မျက်ဝန်းမှာမျက်ရည်မသီပေမယ့်..

လုပ်ရက်လိုက်ထာ...တလမေဒေါရယ်..
ငါ့ကို လူကြမ်းကြီး၊လူဆိုးကြီးဆိုပြီးရာဇဝင်နွမ်းအောင်ကြံရက်ပါပေတယ်..
ငါ့ရဲ့ ရင်ထဲကို မင်းဝင်ကြည့် သိလိမ့်မယ်။
ငါကမျက်ရည်ကျရမယ့်လူ မဟုတ်ဘူးလေ...
ဒါပေမယ့် ငါငိုနေတယ်...မင်းယုံမှာမဟုတ်ပါဘူး...
ရင်ထဲမှာငါငိုနေပါတယ်.....
ငါကိုခွင့်လွှတ်ပါလို့  ငါဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး..မေဒေါရယ်..
မင်းနဲ့ ငါဘယ်တုန်းကမှ အမြင်ချင်းတူခဲ့တာမှ မဟုတ်တာ..
မင်းရော..ငါရော ဆင်ဖြူရှင်ရဲ့ ရင်သွေးတွေပါ..
မင်းရယ်..ငါရယ်...တလမေသီရိ ရယ်...ဘောငါမ်မုန်ရယ်..အတူတူကြီးပြင်းခဲ့တာပါ..
ငါ့အမိ မွေ့ ဒေါ(သီရိမာယာဒေဝီ) ဟာငါ့ကိုမွေးပြီးမကြာမီ ကွယ်လွန်ခဲ့လို့ ငါဟာ အမိမဲ့ခဲ့ရတယ်..
ငါ့ကိုတော့..မွေးကတည်းက လျှာမှာအစက်ပါလို့ ..အပသုံဗန်စက် လို့ ခေါ်စေခဲ့တယ်..
အရီးတော်မဟာဒေဝီမွေးစားလို့ သာ အမိအစားရခဲ့တယ်..
အရီးတော်က ပသုံငယ်လို့ ချစ်ကြည်စွာခေါ်ဆိုမှုသာ ငါ့တွက်နာပျော်ဘွယ်ဖြစ်ခဲ့ရတယ်...
သုရှင်ရဲ့ သားတော်ချင်းအတူတူ...အဆင်းလှတဲ့ ဘောငါမ်မုန်ကို
ခမည်းတော်က မေတ္တာပိုတယ်လေ...
ငါ့ကိုတော့“အပသုံငယ်သည် ငါ့သားကားဟုတ်ပါ၏..သူ့ ရုပ်ရည်မှာ ငါနဲ့ မတူ။
ဦးခေါင်းကြီးသည်။ဆံကြမ်းသည်။ခြေသလုံးသား ကြီးသည်။ရက်စက်မည့် လက္ခဏာရှိသည်။”တဲ့...
ခမည်းတော်ရဲ့ စကားလုံးတွေဟာ ငါ့ရဲ့ အသည်းနှလုံးကိုကျားလျှာနဲ့ တိုက်သလို ငါခံစားရတယ်...
ငါ့ရုပ်ရည်မလှတာနဲ့  ငါ့ကိုရက်စက်မယ့်သူ လို့ စွပ်စွဲရက်တယ်...
ဗြတ်လိုင်းသူ သီရိရာဇာဒေဝီ ကမွေးတဲ့ ဘောငါမ်မုန် ကိုတော့ဖူးဖူးမှုတ်ထားတယ်..
ငါ့ရင်ထဲမှာဆူးတွေစူးခဲ့တာ ကြာပါပြီကော...
ခမည်းတော်ကလည်း မချစ်မြတ်...
အရီးတော်ကလည်း..ဒဂုံမြို့ အရေးနဲ့ ငါ့ကိုဂရုမပြုနိုင်..
ငါ့မှာတော့ မင်းသားတစ်ယောက်ဖြစ်နေပေမယ့် နန်းတော်ထဲမှာ မပျော်နိုင်ဘူး
အစွန့် အပယ်ခံတစ်ယောက် ပီပီ ဆင်ကျုံး၊မြင်းကျုံး တွေကြားလျှောက်သွားနေခဲ့တယ်
ငါဗညားနွဲ့ ဟာလူတွေကို နားမလည်နိုင်ဘူး..
ဆင်တွေ၊မြင်းတွေ ကိုသာနားလည်ခဲ့တယ်..
နန်းတော်ထဲကလူတွေထဲမှာ ငါ့ကို အနားလည်ဆုံးက မင်းပါ တလမေဒေါရယ်..
အများနဲ့ မတူတဲ့ မျက်ဝန်း တစ်စုံနဲ့ ငါ့ကိုကြည့်တဲ့အကြည့်တွေက ထူးဆန်းနေတယ်..
မင်းရဲ့ အမိကွဲ အစ်မတော် တလမေသီရိ တောင် ငါ့ကို ဒီလို မကြည့်ဖူးဘူး...
တလမေသီရိ ဇင်းမယ်ကိုရောက်နေချိန်မှာ တို့ နှစ်ယောက် ချစ်သူတွေဖြစ်ခဲ့ကြတယ်..
ငါ့ဘဝမှာ မင်းကိုချစ်ခဲ့ချိန်ဟာ..ဟာ ငါ့နှလုံးသားရဲ့ အနူးညံ့ဆုံး ကာလပါ မေဒေါရယ်..
မင်းကို ငါအဆုံးအရှုံးမခံနိုင်လို့  ငါ့အတွေးနဲ့ ငါ ကြောက်ပြီး မင်းကို ဒဂုံဘက်ကို ခိုးပြေးခဲ့တယ်..
ဒါကို ခမည်းတော်သုရှင်က ပိုမျက်ခဲ့တယ်....
တို့ ကို လိုက်ဖမ်းလို့ မုညက်အရပ်မှာ မိသွားခဲ့တယ်..
ငါ့ကိုတော့ အကျဉ်းချထားခဲ့တယ်....
အရီးတော်ကတောင်းပန်တာကိုတောင် ခမည်းတော်က
“သင်းသည် ငါ့သားပင်မှန်သော်လည်း ရက်စက်သူဖြစ်တယ်။
ငါ့နှလုံးပူအောင်ပြုသည်။ ငါသည် သူ့ ခမည်းတော်ဖြစ်သော်လည်း ငါ့ကိုသူမချစ်” လို့ ဆိုသတဲ့
ငါ့ ကိုမချစ်တဲ့သူတွေကို ငါက ချစ်ရမှာလား..မေဒေါရယ်..
အရီးတော် လျှောက်လွန်းလို့ သာ ငါ့ကိုလွှတ်တယ်..
ငါတို့ မှာ အိမ်ငယ်လေးနဲ့ သိမ်ငယ်စွာနေခဲ့ရတယ်...
ဒါပေမယ့် ငါကျေနပ်ပါတယ်...
ငါချစ်တဲ့သူနဲ့ အတူနေရတာ ငါ့အတွက် အကောင်းဆုံးဆုလာဘ်ပါ..
ဒါပေမယ့် ငါဟာ..ရှင်ဘုရင်ကမွေးတဲ့ ဘုရင့်သားပါ...
ငါ့အသည်းကိုထပ်နာအောင်ပြုတာက ခမည်းတော်ကိုယ်တိုင်ပဲလေ..
ဇင်းမယ်မင်းကို ဆက်ထားသည့်တလမေသီရိ ကစတာပေါ့
တလမေသီရိ ကို ဇင်းမယ်မင်းက မချစ်မြတ်လို့ ခမည်းတော်သုရှင် နားမျက်စေ့ မငြိမ်းဘူး..
ဒါ့ကြောင့် ပဏာဆက်ပြီးပြန်ရွေးယူတယ်..
တလမေသီရိပြန်ရောက်လာတော့ သမိန်မရူးဆိုတဲ့ကောင်က
မင်းဆရာ မဟာသာမိ အကူအညီနဲ့ ရွှေငါးပိဿာတင်တောင်းတယ်
မင်္ဂလာပွဲကိုခုနှစ်ရက်တိုင်တိုင် ခြိမ့်ခြိမ့်သဲ ကျင်းပတယ်..
ကြည့်စမ်း...ငါက ဘုရင့်သား..သူကကျွန့် သား...
ကျွန့် သားကမင်္ဂလာ ပွဲနွဲနေချိန်မှာ ငါတို့ ကနိမ့်ပါးစွာနေရတယ်..
ငါရင်တွေတဆစ်ဆစ်နာတာ မင်းအတွက်လည်းပါတယ် မေဒေါရယ်...
ငါသာအိမ်ရှေ့ စံဆိုရင် မင်းက အိမ်ရှေ့ စံမဟေသီဖြစ်နေရမှာလေ...
ငါ့ကိုငါ ရှက်လွန်းလို့ အိမ်အပြင်မထွက်ပဲ သေရည်ခွက်ကိုင်နေတာ မင်းမသိဘူးနော်...
ဘာတဲ့ ခမည်းတော်ကနာမကျန်းနေတဲ့ကြားက
“ငါသည် မအီမကျန်း၍ နာသည်။ငါ့မျက်စေ့ကွယ်သောနေ့ တွင် အပသုံကို မင်းမပြုစေနှင့်။
သူသည် ရက်စက်ကြမ်းကြုပ်သည်။ပြည်သူတို့ လည်းသူ့ ကိုမချစ်၊ ငါ့သားဘောင်ငါမ်မုန်သည် ဘုန်းကျက်သရေရှိသည်။
ရုပ်ရည် အရောင်အဆင်းကောင်းသည်။နူးညံ့သိမ်မွေ့ သည်။ပြည်သူတို့ နှင့်လည်း သင့်တင့်သည်။
မင်းပြုရန်သင့်သူဖြစ်သည်”တဲ့...
ငါ့ညီ မင်းဖြစ်တာငါဝမ်းသာပါတယ်..
ဒါပေမယ့် ငါ့ကိုဘာလို့ ချိုးနှိမ် နှိပ်ကွပ်ပြီးမှပြောရတာလည်း...
ဗညာဦးရဲ့ သား...ဗညာနွဲ့ လည်း မင်းဖြစ်နိုင်တာပဲလေ...
ငါ့ရုပ်ရည်ကြောင့် ငါဘုရင်မဖြစ်ရဘူးဆိုတာ တဆိတ်လွန်လွန်းမနေဘူးလား...
ငါ့သားလေးမွေးလာတော့ ခမည်းတော်က ဘောအဲလောကျန်းဒေါ လို့ အမည်ပေးတယ်။
ငါ့ရင်ထဲမှာငါရယ်၊မေဒေါရယ်၊သားတော်လေးရယ်၊တို့ အနာဂါတ်ရယ်၊ဟံသာဝတီထီးနန်းရယ်
ဒါပေမယ့်...အရာရာဟာငါ့အတွက်ရင်လေးစရာဖြစ်လာခဲ့တယ်..
သမိန်မရူးနဲ့ အရီးတော်ကြီးတို့ ဖေါက်ပြားရာကစတာပါပဲ..
ဟံသာဝတီနန်းတော်တစ်ခုလုံးသီချင်းလုပ်ဆိုနေကြတာပဲလေ
“ဗျိုင်းမအိုလျှက်၊သစ်ပင်ထက်သို့ တက်၍ဥကာ၊တအာအာနှင့် ကျူးရင့်ကြွေးကြော်သည်။
မိန်းမအိုလျှက်၊ကြောက်ရှက်မရှု၊ကာမေသုနှင့်၊နောင်ရေးအမှု၊
မစ္စုတရား ကိုမစဉ်းစားမဆင်ခြင်၊သူ့ လင်ခိုးလျှက်၊
ကိုယ်နှင့်နှောယှက်သည့်၊အရီးတော်ကြီး”....
ငါဗညားနွဲ့ နဲ့ ဘောငါမ်မုန်ကိုသတ်ပြီး သမိန်မရူးကို နန်းတင်ဖို့ အရီးတော်ကြံချေပြီ။
ငါ့ကိုမွေးစားသည့် အရီးတော်ကပင်ငါ့အပေါ်မကောင်းတော့ပြီ...။
မေဒေါရေ ငါနဲ့ အတူဘိသိက်ခံဖို့ သာပြင်ထား...
ငါဟာရှင်ဘုရင်ဖြစ်ဖို့ မွေးလာတဲ့သူပါ....
ငါ့မှာ မင်းကန်စီရှိတယ်၊ဘောမွန်ရှိတယ်၊အမတ်ကြီးသမိန်ဇိပ်ဗြဲရှိတယ်..
ခမည်းတော်အနာသည်းချိန်၊ အရီးတော်မဟာဒေဝီ အလစ်မှာ ငါတို့ ဒဂုံကို ထွက်ပြေးခဲ့တယ်..
ဒဂုံမှာ ငါအင်အားစုနေချိန်မှာ..ငါဟာ အထီးကျန်နေခဲ့တယ်...
အမိမရှိတဲ့သား...
အဖမချစ်တဲ့သား...
လူတကာကဆေးဖေါ်ကြောဖက်မလုပ်တဲ့သူ..
ကျွန့် သားလောက်တောင် ပြောင်ပြောင်ရောင်ရောင်မရှိတဲ့သူ...
အရီးတော်ကတောင် အသက်ရန်ရှာတာခံရသူ..
သားတကွဲ..မယားတကွဲ နေရသူ...
သည်အချိန်မှာ..မွေမနိတ်ကိုတွေ့ လိမ့်မယ်လို့ မထင်ခဲ့ပါဘူး..
ငါ့ရဲ့ ကျွန် မွေမနိတ်ရဲ့ လင်သားက ဘာကြောင့်မှန်းမသိထွက်ပြေးလို့ ငါသူ့ ကိုသိမ်းရတယ်
ဆီသည်မွေမနိတ်က ငါ့ရဲ့ တဒင်္ဂအထီးကျန်မှုကို ဖြေသိမ့်နိုင်မယ်လို့ 
ငါရူးရူးသွပ်သွပ်တွေးမိတယ်...
တနေ့ ငါဘိသိက်ခံရင် မင်းက အဂ္ဂမဟေသီဖြစ်မှာပါ..မေဒေါရယ်..
မင်းမပူပါနဲ့ ...
ဒါပေမယ့်မေဒေါရယ်..မင်းရဲ့ တုန့် ပြန်မှုက ငါလိုအတောင်နှစ်ဆယ်ဝတ် မင်းယောင်္ကျားကို
အရှက်ရစေတယ်ဆိုတာ..မင်းသိစေချင်တယ်..
ဆီအိုးတစ်လုံးနဲ ချိန်ခွင်ကို ပို့ လိုက်တာဟာ..
မင်းဧကရာဇ်ဖြစ်မယ့်ငါ့ကိုလူပုံအလယ်မှာမျက်နှာမပြဝံ့အောင်ဖြစ်ခဲ့ရတယ်...
မင်းကပါငါ့ကို သေးသိမ်စေပြီပေါ့လေ..
တလမေဒေါရေ..ငါဟာချစ်တတ်သလောက် မျက်ခဲ့ပြီလေ...
ငါဟာ..အချိန်တန်တော့ ဟံသာဝတီထီးနန်းကို ပိုင်ခဲ့ပြီ...
အဂ္ဂမဟေသီ အဖြစ် မွေမနိတ်ကိုပဲ ပီယရာဇာဒေဝီဘွဲ့ နဲ့ နှင်းအပ်ခဲ့တယ်..
ဒါပေမယ့်မေဒေါရယ်...
ငါလိုရှင်ဘုရင်ကိုတောင်မှမင်းကအာခံလို့ အခေါ်လွှတ်တာ မလိုက်ပဲနေရဲတယ်...
ငါကလည်း...ချစ်တတ်သလောက်ရွဲ့ တတ်သူပါ..
မင်းဦးခေါင်းက ဆံထုံးထဲမှာရှိတဲ့ လက်စွပ်ဆယ်နှစ်ကွင်းကို အမတ်ဒိန်ကို ယူခိုင်းခဲ့တယ်
ဒီလက်စွပ်တွေ...မွေမနိတ်ကိုပဲပေးခဲ့တယ်လေ..
ငါကမင်းကိုချစ်သလောက် ငါ့ကိုမင်းနားမလည်ခဲ့ဘူး..တလမေဒေါရယ်...
ယောင်္ကျားတစ်ယောက်ရဲ့ အချစ်ကို ဘာလို့ ဈေးဆစ်ချင်ရတာလဲ...
မိကျောင်းတူရိယာလောက်သာနားလည်တဲ့မင်း..
မထုံတက်သေးနေတတ်တဲ့မင်း..
ငါ့နှလုံးကို အချစ်ရည်စိုစေခဲ့တဲ့မင်း..
ငါ့ကိုအရှက်ရစေခဲ့တဲ့မင်း..
ငါ့အာဏာကိုဖီဆန်ဝံ့တဲ့မင်း..
အခုတော့..ဖုန်းမသိမ်နဲ့ သံပရာ ကိုဆေးခပ်သောက်ခဲ့ပြီ...
မင်းငါ့ကို ဒီနည်းနဲ့ အနိုင်ပိုင်းသွားတယ်..တလမေဒေါရယ်..
ငါမချစ်လို့ မှမဟုတ်တာ...
ရာဇဓိရာဇ်ဆိုတဲ့..ငါဟာ..ဘယ်တော့မှမျက်ရည်ကျမှာမဟုတ်ပါဘူး..
ဒါပေမယ့်..ငါ့ရင်ထဲမှာ..ငါငိုနေပါတယ်....တလမေဒေါရယ်။

Saturday, July 10, 2010

ရွှေညာဆီသွားမယ်

ဖာတစ်တန်
အထုပ်တစ်ဖက်ထမ်းပါလို့ 
အညာပြန်
ရုတ်တရက်မလှမ်းချင်ဘု
နှုတ်ဆက်စမ်းချင်လို့ လာခဲ့တယ်
(သခင်ကိုယ်တော်မှိုင်း)

ဒီဇင်ဘာလ ၂၆ ရက်နေ့ ကအညာရပ်ဆီ ခရီးဆန့် ခဲ့ပါတယ်။
ရေနံချောင်းကိုပေါ့ဗျာ...ဘယ်ကိုဖြစ်ရမလဲ
အောင်မင်္ဂလာအဝေးပြေးကွင်းကို ဖုန်းဆက်လက်မှတ်မှာထားတာ၊ထိပ်တန်းဂိတ်ကိုပါ။
အနားရောက်မှရှေ့ တစ်ရက်ထပ်စောလိုက်တော့ အဆင်မှပြေပါ့မလားပေါ့လေ။
ရတယ်ဗျို့ ။နေရာကောင်းကို ပေးတယ်။ကိုယ်ကလည်းကြေး(ဂျီး)များများရယ်။
အဝေးပြေးကားစီးရင် ရှေ့ နားကခုံတွေပဲစီးချင်တယ်။ဒရိုင်ဘာနောက်တည့်တည့်လည်းဖြစ်ချင်တာကိုး။
ဘာလို့ လဲလို့ တော့မမေးနဲ့ ပေါ့ခင်ဗျာ။
ရန်ကုန်ထိပ်တန်းဂိတ်ကို ကျေးဇူးတင်ပါတယ်။ဝန်ဆောင်မှုအတွက်ကျေနပ်ရပါတယ်။ဝယ်စရာတွေဝယ်ပြီး
ဂိတ်ကို ၃ နာရီအရောက်သွားရတယ်ဗျို့ ။လက်မှတ်ဖိုးရှင်းဖို့ စောသွားရပါတယ်။
၇၅၀၀ နဲ့ နှစ်ယောက်တွက် ၁၅၀၀၀...ဈေးတော့အချိုသားဗျ..။
မိုင်၃၅၀ လောက်ကို ၇၅၀၀ ပဲကျတယ်။၃မိုင်ပဲဝေးတဲ့ တက္ကစီက ၃၀၀၀ ပေးရတာမနိပ်ဘူး။
ကားပေါ်ရောက်တော့..ရေသန့် တစ်ဗူးစီနဲ့ စနိုးတာဝါ တစ်ခုစီဝေသေးသဗျ..ဟေး..ဟေး..။
ရေသန့် ၅၀၀ မီလီလီတာကတော့ ကားလိုင်းတံဆိပ်နဲ့ သောက်ရတာအဆင်ပြေတယ်။
စနိုးတာဝါက ရေမွှေးနံ့ အတော်လေးပြင်းလွန်းလို့ မသုံးနိုင်ဘူးဗျို့ ။
အားရပါးရသုတ်လိုက်တာ အော်ဂလီဆန်သွားတယ်။အားတော့နာပါရဲ့ ..ဟီး..။
ညနေ၄နာရီလောက်မှာကားစထွက်ပါတယ်။ကားက နဲနဲတော့ဟောင်းနေပါပြီ...စက်ပိုင်းတော့
မဆိုးပါဘူး ။လွန်ခဲ့တဲ့နှစ်၂၀ ကျော်ကျော်ကတည်းက ဂျပန်ကတက္ကသိုလ်တစ်ခုမှာတာဝန်ကျေပြီးသားကားပဲ
ကောင်းတာပေါ့။၁၆း၄၅ လောက်မှော်ဘီမှာ ဆီဝင်ဖြည့်တယ်ဗျ။
ညနေ ၁၉း၃၀လောက်ထမင်းစားနားတယ်ခင်ဗျ... ဘယ်နေရာလည်းတော့မသိပေဘူးပေါ့ဗျာ။
ဆိုင်နာမည်ကဖြိုးသိင်္ဂီ(အင်းမအနီး)ထင်ပါတယ်....သိတဲ့လူလည်းပြောပါအုံး..ဘယ်နေရာဆိုတာကို။
ထမင်းတစ်ပွဲ ၁၅၀၀ ကျွန်တော်ဝက်သားနဲ့ အုပ်ခဲ့တယ်။
ဝက်ကတော့ ဟင်းအိုးနားဖြတ်အသွား ချက်ချင်းအသတ်ခံရ..အချက်ခံရပုံပါပဲ။
အမွှေးနှုတ်မထားသလိုပဲဗျ။ကျွန်တော်တို့ နှစ်ယောက် စကားဟဟ မပြောပဲစားခဲ့ရတယ်။
ဘာလို့ လဲဆိုတော့ စကားပြောရင်းရန်ဖြစ်မှာဆိုးလို့ ။ရန်ဖြစ်ကြလို့  အချင်းချင်းထမင်းနဲ့ ကောက်ပေါက်ရင်
ထိပ်ပေါက်ခေါင်းကွဲ ဖြစ်နိုင်တယ်ခင်ဗျ။အတော်မာတာခင်ဗျ။ရေခဲသေတ္တာထဲကထုတ်လာသလို
အေးနေသေးတော့ ပိုဆိုးတာပေါ့ခင်ဗျာ။ဟင်းအရံ တွေကလည်း မနက်ကဆွမ်းတော်တင်ထားသလိုပဲခင်ဗျ..ဟီး..။
ဒီလိုနဲ့ ပြီးအောင်စားသောက်ခဲ့ရပါတယ်....ပြည်ဂျီတီအိုင် အဆောင်မှာတောင် တစ်နှစ်စားခဲ့သေးတာ..ရပါတယ်။
ဒီထမင်းဝင်အောင်စားတတ်ပါတယ်။အဆောင်တုန်းကတော့ ကန်စွန်းရွက်ကြော်ဆိုရင် မြက်အရင်ဖယ် ပြီးမှစား
ရတာလေ။ကြက်ဥဟင်းဆိုတာ ..ဘယ်နည်းနဲ့ ချက်မှန်းမသိရဘူး...ကြက်ဥကိုကြော်ထားတယ်ဗျ ပြီးတော့
ဘယ်လိုဖေါ်စပ် ချက်ပြုတ်ထားမှန်းမသိရတဲ့ ဟင်းအနှစ်ထဲ ထည့်ထားတယ်ဗျ..ထူးဆန်းပါပေ့ ဆရာတွတ်ရယ်...။
ပြောရင်းသွားရည်ကျလာပြီ...ဂလု...။ထားပါတော့...
စားသောက်ပြီးကားပေါ်တက် ..ခရီးဆက်..ရွှေတောင်ရောက်တော့ ကားဘီးလေလျှော့လို့  တစ်လုံးလဲတပ်။
ဒီလိုနဲ့ ပြည်ကိုဝင်တော့မယ် “ပြည်မြို့ ”ဆိုတဲ့ ဆိုင်းဘုတ်လည်းတွေ့ ရော မိဘရင်ခွင်ဟောင်းကို ပြန်ဝင်ရသလို
ခံစားရသဗျ။ဒီပြည်မြို့ က ကျွန်တော်တို့ ကို အသစ်တဖန်မွေးထုတ်ပေးခဲ့ တာဗျ..ဟုတ်တယ်မလား..။
အမေကမွေးတာ ပထမဘဝ...ပြည်ဂျီတီအိုင်ကမွေးတာဒုတိယဘဝ..လေ..။
ရွှေဆံတော်ကို ဦးတော်တင်ရချည်သေးရဲ့ ပေါ့လေ။အယ်...ဘယ်မှာတင်ရလို့ တုန်း...ဆိုင်းဘုတ်ကြီးနားရောက်မှ
ညာကွေ့ ပြီး မြို့ ရှောင်လမ်းထဲဝင်သွားတယ်...။လမ်းကလည်း ရန်ကုန်ပြည်လမ်းလိုမဟုတ်တော့..ကားတစ်စီးလုံးသံစုံ
တီးဝိုင်းကျနေတာပဲ။တံခါးမှန်ချပ်တွေက ခါပြီးတဝုန်းဝုန်းမြည်နေတာပါပဲ။၁၀မိနစ်လောက်ကြာမှ မြို့ သစ်ဘက်ကပတ်ဝင်ပြီး အဝေးပြေးကွင်း
ဘေးကဖြတ်ပြီး အရင်ကျောင်းသွား၊မြို့ သစ်ဈေးသွားနေကြ လမ်းထဲဝင်သွားတယ်။
တို့ ကျောင်းကြီးကိုအခြားနာမည်တစ်ခုနဲ့ တွေ့ ရတော့...အဖေအရင်းကို နောက်အိမ်ထောင်နဲ့ အတူတွေ့ 
ရသလိုပါပဲ။ဝမ်းတော့နည်းမိသား။ဘာတတ်နိုင်မှာလည်း။လက်ရှိဘဝမှာပဲကျရာတာဝန်ကျေပွန်ပါစေ
လို့ ဆုမွန်ချွေရတာပ။ဒီလိုနဲ့ ည၁၂ နာရီလောက်မှာအောင်လံရောက်ခဲ့ပါတယ်။ရွှေမိုးလက်ထက်ရည်ဆိုင်မှာ
ခေတ္တနား လက်ထက်ရည်သောက်ပေါ့။အောင်လံကတော့ တွေ့ ခဲ့သမျှမြို့ တွေထဲ မြို့ အလျှားအရှည်ဆုံးပဲဗျို့ ။
အောင်လံကထွက်တော့ အိပ်မပျော်ချင်တော့ဘူး..ဆင်ပေါင်ဝဲမြို့နယ် နိမိတ်ထဲဖြတ်တော့..ကန်နှစ်ဆင့်က ထမင်းဆိုင်ကို
ရှာကြည့်မိသေး..မှောင်နေလို့ လားမသိ..မတွေ့ ရတော့။သြော်ဂျီတီအိုင်တက်တုန်းက အမြဲစားနေကြကိုး..။
ကိုးပင်ကိုရောက်တော့ တောင်တွင်းကြီးမြို့ ဘက်ကိုဆက်မသွားဘူး ။မကွေး သစ်ရာကောက်ဘက်ကို ဖြတ်လမ်းက
ဖြတ်တယ်။လမ်းကတော့ တကယ့်လမ်းမှဟုတ်ပါလေစကွယ်။Express ကားက တစ်နာရီ ၁၅မိုင်လောက်ပဲ
မောင်းလို့ ရတော့တယ် ။ဆိုးလိုက်တဲ့ ဘာမှခင်းမထားတဲ့လမ်း...ဖုန်တွေက မနည်းမနောပဲလေ။
မနက်၎နာရီလောက်မှာမကွေး အဝေးပြေးကွင်းကိုရောက်ပါတယ်...ထိပ်တန်းက ရန်ကုန်-မကွေး-ရေနံချောင်း-မန္တလေး
ဆွဲတာပါ။ရန်ကုန်ကနေရေနံချောင်းထိနဲ့ ၊မကွေးကနေ မန္တလေးအထိပါ။ကျွန်းဆွယ်ကားလိုင်းလည်းအတူတူပါပဲ။
ခရီးဆက်လာလိုက်တာ ၄း၄၀လောက်ဒေါင်းသေချောင်းကိုရောက်ပါတယ်။တံတားဆောက်နေတာကိုတွေ့ ရတော့
ဝမ်းသာမိပါတယ်။မနက်၀၅း၃၀ လောက် ရေနံချောင်းမြို့ ထဲရောက် ကားပေါ်ကဆင်း...ဟမ်မရေး....အေးလိုက်တာ...
တစ်ခါတစ်ခေါက်ရောက်ခဲ့ပြန်ပြီ မွေးရပ်မြေ။