Tuesday, October 8, 2013

ဆီကလေးနဲ့ကြော်

အစကပြောရမယ်ဆိုရင်တော့.....ဟိုးအရင်ကပေါ့ဗျာ....
ဘွားအေကြီးပြောလေ့ရှိတဲ့ စကားလေးပါ.......
အဘွား(အမေကြီးလို့ပဲ ခေါ်ကြတာပါဗျာ)တို့ရွာက ဆီပေါတဲ့ရွာ...
ဆီထွက်တဲ့ရွာ... မြန်မာပြည်ရဲ့ဆီအိုးပါပဲ....
ဘာပဲချက်ချက်ဆီမပါရင် ကောင်းတယ်ကိုမထင်တာ...
ဆီကလေး ဝင်းနေအောင်ချက်မှ ဟင်းထင်တာ.....
ဆီရွှဲနေအောင် ဆမ်းထားမှ စားစရာထင်တာ....
ဆီနဲ့ ကြော်တဲ့ အကြော်အေလှာ်ဆို အကုန်ကောင်းရွာမှာပြောစမှတ်ရှိတာက ...
"ဆီနဲ့သာကြော်ရင် ငကော့် အီးတောင် ကောင်းတယ်" တဲ့.......
ငကော်ဆိုတာက ရွာက တစ်ဦးတည်းသောအရူး.....။
...
..
ဒီနေ့ အိမ်မှာ ညစာစားတာနောက်ကျတယ်...
အိမ်ရှင်က အလုပ်ကပြန်ရောက်မှ ပဲသွေးကြော်နေတာ...
ပဲသွေးဆိုတာ အရင်ကစားဖူးတာမဟုတ်... ဘဲသွေးထင်လို့....
နောက်မှ သိတာက ပဲကနေလုပ်ထားတာလို့...
ဘာတိရစ္ဆာန်သွေးမှ မစားတာ ကြာပြီ...
ဒီနေ့တော့ ပဲသွေးလေးကို ကြက်ဥလေးနဲ့ မွှေကြော်နေတာ...
ထမင်းစားတော့ ပန်းကန်ထဲထည့်ပေးတယ်..
ဝါးကြည့်တော့ အနံ့ တစ်မျိုးရတယ်..
ရေစိမ်တာ ရေမသန့်တဲ့လက္ခဏာပဲ..ကြာလည်းနေပုံပဲ....
သိတော်မူတဲ့အတိုင်းပါပဲ ပဲကနေ ထုတ်တဲ့အရာ ပုပ်သလိုကနေ အနံ့ပြောင်းလာတော့ ...
နိုက်ထရိုဂျင် အနံ့ကဲတာပေါ့...
ငကော် ရဲ့ အင် အင်း နံ့လိုပဲ....
အနံ့နဲ့ ပါတ်သက်ရင် ဇီဇာကြောင်တဲ့သူဆိုတော့ အဆင်မပြေလှဘူး...
ဆက်မစားရင်လည်း ကျန်တဲ့သူတွေ အနှောင့်အယှက်ဖြစ်မှာစိုးတော့ မြန်မြန်သာ စားလိုက်တော့တယ်...
ထမင်းကုန်တော့မယ်...ဆိုပြီးဝမ်းသာနေတာအဲသည်အချိန်မှာပဲ..
အိမ်ရှင် အမျိုးသမီးက
"ဟယ် အစ်ကို တော်ပြီလား ပဲသွေးတွေ အများကြီးထပ်စား..ရော့" ဆိုပြီး ထပ်ထည့်လိုက်တော့ ...
လူကလေ..အဘွားတို့ရွာက ငကော်ကိုသာ သတိရမိတော့တယ်.....
ကြော်ထားတာကလည်း ဆီကို ရွှဲနေတာပဲလေ...
အခုတောင် လည်ပင်း အထိ တက်တက်လာသလိုလိုပဲ ။ ။

Monday, August 19, 2013

နွားအိုတစ်ရှဉ်း နဲ့ အစ်ကိုအရင်း

ကိုငါးကြော် ငယ်စဉ်က ကြီးတော်တွေက အမြဲပြောသည် သူတို့ အဖေ
ကျွန်ုပ်၏ အဘိုး ဦးဖိုးထောင်နဲ့ ကျွန်ုပ်မှာ အရွယ်အစား..နေပုံထိုင်ပုံ ပြောပုံ စိတ်ထားတူပါသတဲ့လေ...။
အဘိုးဖြစ်သူကို တွေ့ဖူးဖို့ ဝေးစွ.. အမေတောင် မမီလိုက်။
အမေ ငယ်ငယ်ကပဲ အဘိုးဆုံးပါးသွားလို့ ... အမေတောင် မမြင်ဖူးလိုက်ချေ။
အမေ ဘက်က အဘိုးအဘွားက ရေနံချောင်းနဲ့ နတ်မောက် ကြားက ချိုင်းဆိုတဲ့ ရွာကလေးက။
နှစ်ခါရောက်ဖူးတယ်။ ရွာတောင်ဘက်က ချောင်း၊ မြောက်ဘက်က ကုန်းမြင့် ၊
သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ သာယာပါပေတယ်။
အစားအသောက်လည်းပေါ နေရေးလည်း သာပါတယ်။
အဘိုး က ငယ်စဉ်ကမိုက်ခဲ့တော့ အသက်ကြီးတဲ့ အခါမှာ စီးပွါး ချို့ငဲ့ပုံရပါတယ်။
ထူးခြားတဲ့အချက်ကတော့ အဘိုးဖြစ်သူက စကားပြောရင်
ကာရံ၊နဘေ ထပ်ပြီး စာချိုးသလို ပြောတတ်တာပါပဲ။
လက်တန်းကိုပြောနိုင်လို့ ပြောစမှတ်တွင်ခဲ့ရတာမနည်းဘူးပေါ့...။
.......
တခါမှာတော့ အဘိုးဖြစ်သူဟာ ရေနံချောင်းမြို့ပေါ် ရောက်လာပါတယ်။
ညီရင်းဖြစ်သူ ဗောဓိကျောင်းက ကျောင်းထိုင်ဆရာတော် ဦးသောဘိတ မွေးနေ့ကိုလာတာပါ။
ဦးသောဘိတက ထိုအချိန်က အင်မတန် တရားဟောကောင်းလို့ နာမည်ကြီးပါသတဲ့..။
ဦးသောဘိတ မွေးနေ့မှာ ရွာကလာကြတာ လှည်းဝိုင်းကြီးကလည်း အတော်များသတဲ့..။
ဆရာတော်က မြို့ပေါ်က တကာတွေနဲ့ ရွာက အမျိုးတွေ ကို မိတ်ဆက်ပေးနေတာ..
ဟောဟိုက နွားရွှေချောချော တစ်ရှဉ်းနဲ့ ကို အစ်ကို ဝမ်းကွဲဗျ..။
ဟိုဘက်က နွားနီကြီးတွေ နဲ့ က ညီ ဝမ်းကွဲဗျ..။
သည်နားက နွားဖြူကြီးတွေ နဲ့ က အစ်မ ဝမ်းကွဲ တော်တယ် စသည်ဖြင့် မိတ်ဆက်သွားတာ..
သူ့အစ်ကို အရင်းကျတော့ ချန်ထားခဲ့သတဲ့...။
ဒါဟာ သက်သက် မျက်နှာမွဲမို့ ချန်တာပဲဆိုပြီး မကျေမနပ်နဲ့
ထပြောလေသတဲ့..
" အဟမ်း ..အဟမ်း... မိတ်ဆက်မပေးတော့လည်း ကိုယ်တိုင် မိတ်ဆက်ရတာပေါ့...
ဟောသည်ဘက်က နွားအိုတစ်ရှဉ်းနဲ့ ကတော့ ဦးသောဘိတ ရဲ့ အစ်ကို အရင်းပါ ခင်ဗျ.." လို့ ထအော်လိုက်တာ..
ဆရာတော် ကျောင်းပေါ်ကို တက်ပြေးတော့တာပဲတဲ့...။ ။